close

ချင်းပြည်နယ်အတွင်း အချိန်ပိုင်းသာ အင်တာနက်သုံးခွင့်ရ

ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီက  MyTel အမျိုးအစားတစ်ခုတည်းကိုပဲ တစ်နေ့ကို အချိန် ၂နာရီ  အချိန်ပိုင်းနဲ့ အင်တာနက်သုံးခွင့်ပေးထားပြီး ကျန်တဲ့ ဆင်းမ်ကတ်အသုံးပြုသူတွေကိုတော့ အင်တာနက်သုံးခွင့်မရအောင် ဖြတ်တောက်ထားတယ်လို့ ကန်ပက်လက်မြို့နယ် CDF တာဝန်ရှိသူကပြောပါတယ်။ 

ကန်ပက်လက် CDF တာဝန်ရှိသူတစ်ဦးက "သူတို့က MyTel လိုင်းကိုပဲအချိန်ပိုင်းနဲ့ တရက်ကို ၂ နာရီလောက်ပေါ့။ အင်တာနက်သုံးလို့ရအောင်လုပ်ပေးထားတယ်။ အော်ရီဒူးက ဖုန်းလိုင်းတွေက အကုန်ပျောက်ပြီး ပြောလို့မရဘူး။ တယ်လီနောက ဖုန်းပြောလို့တော့ရတယ်။ အင်တာနက် 2G ပဲရတယ်။"လို့ပြောပါတယ်။ 

ကန်ပက်လက်မြို့နယ်ဟာ မင်းတပ်၊ မတူပီ၊ ပလက်ဝတို့နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြို့နယ်ဖြစ်ပြီး စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် ဒေသတွင်းသတင်းတွေ ကို ရယူဖို့ခက်ခဲနေတယ်လို့ CDF တွေက ပြောပါတယ်။

မတူပီမြို့နယ်၊ ကလေးဝလမ်းမှာ ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းကနေ ၂၆ ရက်မနက်ပိုင်းအထိ ပစ်ခတ်မှုရှိခဲ့ပေမဲ့ နှစ်ဖက်ကျဆုံးမှုမရှိခဲ့ဘဲ အပြန်အလှန်အားစမ်းကြတဲ့ သဘော ဖြစ်တယ်လို့ မတူပီ CDF တာဝန်ရှိသူကပြောပါတယ်။

မတူပီ CDF တာဝန်ရှိသူတစ်ဦးက"ကလေးဝလမ်းမှာတော့တိုက်ပွဲတွေရှိတယ်။ ဖြစ်လိုက်နားလိုက် အဲ့လိုမျိုးပုံစံပေါ့။ မတူပီမှာ အင်အားကတော့ ၃၀၀ ဝန်းကျင်ရှိမယ်။ ကလေးဝလမ်းမှာတော့ မနေ့က ညနေကနေ ဒီနေ့မနက် ၁၀ နာရီအထိဖြစ်တယ်။ မတူပီနဲ့ ကလေးဝကြားမှာ ကျနော်တို့ CDF တွေနဲ့ဖြစ်တာပေါ့။ စစ်တပ်ဘက်က သေတာမရှိဘူး။ ကျနော်တို့ဘက်က ၁ယောက်ဒဏ်ရာရထားတယ်။"လို့ပြောပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်ထဲမှာ ဖြတ် ၄ဖြတ်စနစ်ကို ကျင့်သုံးနေတာကြောင့် ဒေသခံတွေဟာ ရိက္ခာပြတ်တောက်မှုကို ကြုံတွေ့နေရပါတယ်။

ဒေသခံပြည်သူတွေဟာ မြို့တွေပေါ်မှာ မနေရဲကြတော့ဘဲ ဘေးကင်းမယ်ထင်တဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ချင်းပြည်နယ် မြို့နယ် ၉ ခုထဲက ၈ မြို့နယ်မှာ  စစ်ရေးတင်းမာနေပြီး တိုက်ပွဲငယ်တွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။ 

ကန်ပက်လက်မြို့နယ်မှာတော့ စစ်ရေးတင်းမာနေပြီး ဖေဖော်ဝါရီ ၁၉ ရက်မှ  ၂၂ ရက်နေ့အထိ ၃ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား  ၂၁ ယောက် သေသွားတယ်လို့ CDF က ဆိုပါတယ်။ 

ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီက အင်အား ၄၀၀ ဝန်းကျင်အသုံးပြုနေပြီး ကျေးရွာတွေမှာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up