close

မွန်ပြည်နယ်၌ သစ်သီး၀လံစျေးကွက် ဝယ်လိုအားကျဆင်းလာသဖြင့် စိုက်ပျိုးရေးအခက်ကြုံ

မွန်ပြည်နယ်၊ သစ်သီးဝလံစျေးကွက်မှာ ပြည်တွင်း၊ပြည်ပ ဝယ်လိုအား လျော့နည်းကျဆင်းလာတာကြောင့်  သစ်သီးဥယျာဥ် ခြံလုပ်ငန်း လုပ်ကိုင်သူတွေ ဆက်လက် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အခက်အခဲတွေကြုံ တွေ့နေရတယ်လို့   မွန်ပြည်နယ် သစ်သီး၀လံစျေးကွက် အလားအလာများ လေ့လာဆန်းစစ်ချက် စာတမ်းအရ သိရပါတယ်။

၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်၊ နို၀င်ဘာနဲ့ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်ရဲ့ မြို့ကြီး လေးမြို့မှာ ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ပြီးရရှိလာတဲ့ အချက်အလက်တွေအပေါ် အခြေခံကာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ National Enlightenment  Institute ( MEI)ကအဲဒီစာတမ်းကို သုံးသပ်ရေး သားထားတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့၊ ဘီးလင်းမြို့၊ ကျိုက်မရောမြို့၊ ကျိုက်ထိုမြို့နဲ့ သထုံမြို့ တွေကို အခြေခံပြီး ကွင်းဆင်း လေ့လာရာမှာ ကျွဲကော၊ မင်းဂွတ်၊ ဒူးရင်းနဲ့ ကြက်မောက်သီး စတဲ့သီးနှံတွေရဲ့ စျေးကွက် အခြေအနေတွေကို အဓိက လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

မွန်ပြည်နယ်ထွက် သစ်သီးတွေကို အဆိုပါဒေသတွင်းသာမက  မြန်မာနိုင်ငံအနှံ့ တင်ပို့ရောင်းချလေ့ရှိပြီး  အိမ်နီးချင်း တရုတ်နိုင်ငံကိုလည်း နှစ်စဥ်တင်ပို့လေ့ ရှိပေမဲ့ အခုအခါ ပြည်တွင်းရော၊ ပြည်ပ စျေးကွက်ပါ ၀ယ်လိုအား ကျဆင်းနေတာလို့ စစ်တမ်းအရ သိရပါတယ်။

၀ယ်အားကျဆင်းလာချိန် သစ်သီး၀လံတွေစျေးကွက်အတွင်း ပိုလျံမှု ဖြစ်ပေါ်ကာ စျေးနှုန်းတွေလည်း ကျဆင်းနေတယ်လို့ စစ်တမ်းက ဆိုထားပြီး၊ ပိုလျှံသစ်သီး၀လံတွေ တန်ဖိုးမြင့်ထုတ်လုပ်တဲ့ သစ်သီးယိုစုံ လုပ်ငန်းတွေမှာလည်း လုပ်ငန်းလည်ပတ်မှု အားနည်းလာတာကြောင့် ယခင်ကာလတွေထက် သစ်သီး၀လံ ၀ယ်ယူစုဆောင်းမှု ပမာဏ လျော့နည်းလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွန်ပြည်နယ် သစ်သီး၀လံကဏ္ဍအတွင်း လုပ်သားအရေအတွက်လျှော့ချ မှုတွေလည်း ရှိလာတယ် လို့သိရပါတယ်။

အဓိက စိန်ခေါ်မှုနဲ့ အခက်အခဲတွေကတော့ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့  ခရီးသွားလုပ်ငန်း ကျဆင်းလာတာ၊ ဆိုင်ဖွင့်ချိန် အကန့်အသက် ရှိလာတာ၊ သယ်ယူပို့ဆောင်ရေးနဲ့ငွေကြေးလည်ပတ်မှု အခက်အခဲတွေရှိလာတာ၊ ၀င်ငွေနည်းပါးချိန်မှာ စားသုံးမှု လျော့ကျလာတာ၊ တာရှည်ထိန်းသိမ်းထားနိုင်ဖို့ အအေးခန်း အဆောက်အဦးနဲ့ နည်းပညာလိုအပ်ချက်တွေ ရှိနေတာ စတဲ့အချက်တွေ ဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။

လာမယ့်နှစ်မှာ  သစ်သီး၀လံ ကဏ္ဍ ပြန်လည်ဦးမော့လာစေဖို့ ကြိုတင်ပြင်ဆင်မှုတွေ၊ ကုစားပေးနိုင်တဲ့  အစီအစဥ်တွေကို  ယင်းကဏ္ဍအတွင်း အကျုံး၀င်ပက်သက်သူ အားလုံး ပေါင်းစပ် ညှိနှိုင်း အဖြေရှာ သင့်ကြောင်း အဆိုပါ စစ်တမ်းက အကြံပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up