တောင်ငူ-လွိုင်ကော်လမ်းပိုင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ပြီး ယာဉ်ဖြတ်သန်းခွင့်ကန့်သတ်

ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် (တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ယာဒိုတပ်စခန်းက စစ်ဆေးမေးမြန်တာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို တစ်ရက်သုံးစီးသာ ခွင့်ပြုတော့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာအနီးက စစ်ကောင်စီရဲ့ ယာဒိုတပ်စခန်းဂိတ်မှာ ယခင်ကထက် လုံခြုံရေးအင်အားပိုမိုဖြည့်တင်းထားပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးမေးမြန်းတာတွေ ပိုမိုတင်းကျပ်လာတဲ့အပြင် ခရီးသွားယာဉ်တွေကို တားဆီးကန့်သတ်လိုက်တာကြောင့် အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရသလို အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ယာဒိုကျေးရွာသားတစ်ဦးက “အရင်က ကား၊ ဆိုင်ကယ်ဖြတ်သန်းဖြတ်လာခွင့် ကန့်သတ်မထားဘူး။ အခုက စစ်ဆေးတာတွေက ပိုမိုတင်းကျပ်လာတယ်။ ကားတွေကို တစ်နေ့သုံး စီးထက်ပိုပြီး ဖြတ်သန်းခွင့်မပေးတော့ဘူး။ ကျနော်တို့ ဒေသခံတွေ နေ့စဉ်ရောင်းဝယ်ဖောက်ကားဖို့ သွားလာနေရတဲ့အတွက် အစဉ်မပြေသလို အပြစ်မဲ့ပြည်သူတွေ အဖမ်းခံရမှာ စိုးရိမ်တယ်” လို့ ဆိုပါတယ်။
ကယားပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတင်းကျပ်တာဖြစ်ပြီး ကရင်နီဒေသတွင်းက စစ်ဘေးရှောင်နေပြည်သူတွေကို တားဆီးပြီး ရှေ့ဆက်သွားခွင့်မပြုဖို့ အထက်ကညွှန်ကြားထားသလို စစ်ရှောင်တွေနဲ့အတူ ပြည်သူ့ကာကွယ်ရေး(PDF)တပ်တွေပါ ပါဝင်ပြီး ကရင်ပြည်နယ်အတွင်း ဝင်ရောက်လာမှာကို စိုးရိမ်ပြီး တားဆီးတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကယား(ကရင်နီ) ပြည်နယ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထိန်းချုပ်နယ်မြေတွေထဲကို စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တွေဟာ တောင်ငူ- သံတောင်- ဘောဂလိ- လွိုင်ကော်လမ်းပိုင်းကနေ လူ၊ လက်နက်ခဲယမ်းဖြည့်တင်းတာ၊ ရိက္ခာပို့ဆောင်တာတွေအတွက် အဓိကအသုံးပြုနေတဲ့အတွက် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရနေရပြီး သေဆုံး၊ ဒဏ်ရာရှိသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။