ရေစကြိုတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီလောက်က ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ လောက်ရှိ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံး၊ ၃ ယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MG6 ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကို မြင်းခြံ MG6 ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ PDF-တလုတ်၊ MGN RANGER၊ MGN 35၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ နဲ့ ရေလယ်ကျွန်းတပ်ပေါင်းစု YLK-PDF တပ်ရင်(၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တစ်နာရီလောက်ကြာအောင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ညီနောင်မဟာမိတ်တပ်ဖွဲတွေဘက်က အထိခိုက်အကျဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“တိုက်ပွဲ ဖြစ်တာဟုတ်ပါတယ်။ သေနတ်သံတွေ ပေါက်ကွဲသံတွေ ၁ နာရီလောက်ကြားရတယ်။ တိုက်ပွဲအနီးပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ စစ်ကောင်စီတပ်တွေ အထိနာပြီး ဆင်တဲကျေးရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။