close

ပြည်ပကတင်သွင်းသည့် စားအုန်းဆီစျေး ရက်ပိုင်းအတွင်း ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်

ပြည်တွင်းဈေးကွက်မှာ စားအုန်းဆီတစ်ပိဿာဈေးက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ကျပ် ၆,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ကျပ် ၇,၀၀၀ နီ;ပါးအထိ တက်လာတာကြောင့်  ၃ ရက်အတွင်း ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။

လတ်တလောမှာ ရုရှား-ယူကရိန်းအရေးကြောင့် မလေးရှားစားအုန်းဆီကြမ်းဈေး စံချိန်တင် မြင့်တက်နေလို့ နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံရဲ့ စားအုန်းဆီစျေးကွက်အပေါ်မှာ ရိုက်ခတ်လာတာဖြစ်ပါတယ်။

“စားအုန်းဆီစျေးတွေက တော်တော်တက်လာတယ်။ ထပ်တက်မယ်လို့လည်း ကြားနေရတာပဲ။ အကြော်စုံရောင်းတာ ဒီဆီစျေးနဲ့မကိုက်တော့ဘူး။ ရပ်ထားရမဲ့ အနေအထားပဲ” လို့ အကြော်စုံရောင်းချသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းစားအုန်းဆီဈေးဟာ ပြီးခဲ့နှစ်ဇန်နဝါရီလက လက်လီပေါက်ဈေး တစ်ပိဿာကို ကျပ် ၂,၆၀၀ လောက်သာရှိခဲ့ပြီး လက်ရှိ ကျပ် ၆,၀၀၀ အထိ မြင့်တက်လာတာပါ။

ဒေါ်လာငွေလဲနှုန်းနဲ့အတူ နိုင်ငံတကာစားအုန်းဆီစျေးက စံချိန်တင်မြင့်တက်ပြီး ပြည်တွင်းမှာလည်း ဆီလက်ကျန် နည်းပါးနေတဲ့အတွက် စျေးတက်ရတာလို့ ဆီလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။ 

ကိုဗစ်ကြောင့် စားအုန်းဆီထုတ်လုပ်တဲ့ နိုင်ငံတွေမှာ လုပ်သားလိုအပ်ချက်အရ  အထွက်နှုန်းတွေ လျော့ကျခဲ့ပြီး စျေးကွက် လိုအပ်ချက် များလာတာကြောင့် နိုင်ငံတကာ စျေးနှုန်းနဲ့အတူ  ပြည်တွင်း စားအုန်းဆီစျေးတွေ  မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

“ပြည်ပအ၀င်လည်းနည်းလို့ လိုသလောက်မရဘူး။ တချို့ဆိုရင် ခွဲတမ်းမရကြလို့ အရောင်း ရပ်ထားရတယ်လို့” လို့ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်း စားသုံးမှု တစ်နှစ်ကို တန်ချိန် ၁၃ သိန်းကျော် အထိ ရှိတာကြောင့် နှစ်စဥ် တန်ချိန် ၈ သိန်းကျော်ကို မလေးရှား၊ အင်ဒိုနီးရှား စတဲ့ စားအုန် ၏းဆီ အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေကနေ တင်သွင်းနေရတာပါ။

စားအုန်းဆီတင်သွင်းမှု တနှစ်ထက် တနှစ်မြင့်တက်လာပြီး ပြီးခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ  ဖြစ်ပေါ်ခဲ့တဲ့စျေးအရ   စားအုန်းဆီတန်ချိန် ၁ သန်းကျော် တင်သွင်းမှုအတွက် ကန်ဒေါ်လာ ၈၂၆ သန်းဖိုး သုံးစွဲခဲ့ရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက သိရပါတယ်။

အခုနှစ်မှာ စျေးနှုန်း နှစ်ဆကျော် မြင့်တက်လာတဲ့အတွက် တင်သွင်းတဲ့ ပမာဏအလိုက် နိုင်ငံခြားသုံးစွဲရမှုလည်း ပိုလာမှာဖြစ်ပါတယ်။

အခုလို စျေးအဆမတန်မြင့်တက်နေတာကြောင့် ပြည်ပက တက်သွင်းနေရတဲ့ စားအုန်းဆီတွေ အစား  ပြည်တွင်းထုတ် မြေပဲဆီကို စားသုံးမှု ပိုများလာတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။ 

ဒါကြောင့်  ကုန်ကြမ်းဖြစ်တဲ့ မြေပဲဆံ  စျေးနှုန်းနဲ့အတူ မြေပဲဆီစျေးနှုန်းလည်း မြင့်တက်နေ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up