close

ဘားအံမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ရွာသား ၂ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ တကောင်ဘိုးကျေးရွာအုပ်စု၊ နို့သရေးကျေးရွာအတွင်းကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်  နို့သရေးကျေးရွာသားတွေဖြစ်တဲ့ စောဖားလား အသက် ၅၀ နှစ်၊ ညာဘက် လက်ကောက်ဝတ်ကို ထိမှန်ခဲ့သလို စောပြည့်စုံ  အသက် ၁၄ နှစ်၊ ညာဖက်ချိုင်းအောက်ကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

တကောင်ဘိုးကျေးရွာသားတစ်ဦးက” လက်နက်ကြီးနဲ့ပစ်လို့ ရွာသား ၂ ယောက် ကျည်စတွေထိတယ်။ အခု ဆေးကုခံနေရတယ်။ ကျနော်တို့ ရွာသားတွေက  မြေစာပြင် ဘဝပါဗျာ။ တိုက်ပွဲတွေဖြစ်ရင် အပြစ်မဲ့တဲ့ ကျနော်တို့ရွာသားတွေပါ သေနေရတယ်။ စစ်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။  အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်ပြီ”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၄ ည ၉ နာရီခွဲလောက်က သထုံမြို့နယ်၊ နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ခမရ  ၉ တပ်စခန်း(ကြခတ်ချောင်း)ကနေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ နော်ဖောဂေရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်မျက်နှာကြက်၊ အကာ၊ သွပ်ပြားတွေ ထိမှန်ပျက်စီးခဲ့သလို ကျေးရွာစာသင်ကျောင်းပါ ထိမှန်ပျက်စီးခဲ့ပါတယ်။

အဆိုပါနေ့မှာပဲ ပိန္နဲတောကျေးရွာမှာ အခြေချထားတဲ့ စကခ ၈ တပ်စခန်းက လက်နက်ကြီး ၄ ချက် ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ဒုံသမိချောင်း တစ်ဖက်ကမ်းမှာ ၃ လုံးကျရောက်ပေါက်ကွဲခဲ့သလို ပရစ်ခိုကျေးရွာအနီး လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂ နာရီလောက်က တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကွမ်းပင်ကျေးရွာအုပ်စု၊ ကပီခီးကျေးရွာတွင်းကို နယ်ခြားစောင့်တပ် (BGF) အမှတ်-၁၀၁၃ တပ်ရင်းက ဗိုလ်မောင်ချစ်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရရှိခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေပါ ထိမှန်သေဆုံးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို သတိထားနေထိုင်ကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားလာရင် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ ကေအန်ယူက အသိပေး နှိုးဆော်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up