အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရားရုံး၌ ထွက်ဆို

ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံက ရွှေနဲ့ ဒေါ်လာတွေ လာဘ်ယူခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမှုမှာ အပြစ်မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ရုံးထုတ်ရာမှာ ငြင်းဆိုခဲ့တာလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာပေးတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ် ခွဲလက်ခံခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုကို ဒီကနေ့ရုံးချိန်းမှာ စွဲချက် တင်သင့်၊ မတင်သင့် အမိန့်ချဖို့ ပြီးခဲ့တဲ့အပတ်ရုံးချိန်းက ချိန်းဆိုထားတာဖြစ်ပါတယ်။
“ဒီအမှုနဲ့ပတ်သက်ပြီး ဒီနေ့ စွဲချက်အမိန့်ချပါတယ်။ အန်တီက အပြစ်မရှိဘူးလို့ ငြင်းပါတယ်။ ပြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းတို့ ဘာတို့ တရားလိုသက်သေတွေကို ပြန်ခေါ်သက်သေအနေနဲ့ စစ်ချင်ပါတယ်လို့ ပြောလိုက်တယ်။ နောက်ရုံးချိန်းမှာ သူတို့ကို စစ်မယ် “ လို့ တရားရုံးနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ပြန်ခေါ်သက်သေ အစစ်ခံရမယ့်သူတွေမှာ ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်၊ ဦးရဲထက်နဲ့ ဦးမောင်မောင်ကြည်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့ရုံးချိန်းမှာ အမှုအမှတ် ၃၊ ၄၊ ၅ တို့အတွက် ဒေါက်တာပွင့်သန္တာကျော်ကို စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာ အမှုအမှတ် ၃၊ ၄၊ ၅နဲ့ ၂၅ တို့အတွက် ဦးကိုကိုဦးဆိုသူကို စစ်ဆေးမယ်လို့လည်း သိရပါတယ်။