ဂျာမနီနိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ၂ ဆတိုးမြှင့်မည်

ဂျာမန်အစိုးရဟာ ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၂ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်မယ်သုံးစွဲမယ်လို့ ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်က အောက်လွှတ်တော် အထူးအစည်းအဝေးမှာ ပြောလိုက်ပါတယ်။
အခုကစပြီး နှစ်စဉ် GDP တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကျော် တိုးမြှင့် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တဲ့အပြင် ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ စစ်ဘက်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ယူရိုငွေ ဘီလီယံ ၁၀၀ ထောက်ပံ့ဖို့ အစိုးရက ဆုံးဖြတ်ထားတယ်လို့လည်း သူက ပြောပါတယ်။
ဂျာမနီဟာ ၂၀ ရာစုတုန်းက သွေးစွန်းထားတဲ့ သမိုင်းကြောင်းကြောင့် ကာကွယ်ရေး အသုံးစရိတ်ကို ၂ ရာခိုင်နှုန်း ထက် ပိုမသုံးဖို့ ဥပဒေနဲ့ ကန့်သတ်ထားတာပါ။ ဒါကြောင့် ကာကွယ်ရေးအသုံးစရိတ် ပိုသုံးဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဖိအားပိုပေးလာတာကို ကြံ့ကြံ့ခံနေခဲ့ပါတယ်။
လတ်တလောရက်တွေမှာတော့ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကာလကြာရှည် ရပ်တည်ခဲ့တဲ့ မူဝါဒတွေကိုပါ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ပဋိပက္ခဇုန်တွေကို လက်နက်မပို့ဖို့ ငြင်းပယ်ချက်ကိုပါ ပြင်ဆင်ခဲ့ပြီး ယူကရိန်းနိုင်ငံဆီကို တင့်ဖျက်လက်နက်တွေနဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် ခဲယမ်းမီးကျောက်တွေကိုပါ ပေးပို့ဖို့ သဘောတူခဲ့ပါတယ်။
ပူတင်ရဲ့ ရန်လိုမှုအတွက် တခြားအဖြေ မရှိနိုင်တော့ဘူးလို့လည်း ဂျာမန်အဓိပတိ ရွှိုက်ဇ်က လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။