မန္တလေးတွင် လက်ပြန်ကြိုးတုပ် အသတ်ခံထားရသည့် လူငယ်အလောင်း တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၃၅ လမ်း၊ ရေတံခွန်တောင်သွားတဲ့ လမ်းဘေးအမှိုက်ပုံနားမှာ လာရောက်စွန့်ပစ်သွားတဲ့ လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို မတ် ၃ ရက် မနက် အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Voice Of Mandalay အဖွဲ့ဝင်တဦးက “အလောင်းကို မနက်မှ တွေ့တာ၊ လူအိပ်ချိန် လာပစ်သွားတာထင်တယ်။ သေဆုံးသွားတဲ့ လူငယ်ဟာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရပြီး မျက်လုံးတောင် မပါတော့ဘူး” လို့ ပြောပါတယ်။
အသတ်ခံရတဲ့လူငယ်ဟာ အင်္ကျီအနွေးထည်အနက်ခဲစပ်နဲ့ ပုဆိုးအနက်ဝတ်ဆင်ထားကာ လက်ပြန်ကြိုးစည်းခံထားရပြီး ညာဘက်မျက်လုံးပေါက်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာလို့ ဒေသခံတဦးက ပြောပါတယ်။
အလောင်းကို ရဲတပ်ဖွဲ့ နဲ့ အရပ်ဝတ်တချို့ လာရောက်စစ်ဆေးပြီး မန္တလေးဆေးရုံကြီးကို တင်ပို့ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မန္တလေးမြို့အတွင်း ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး သတ်မှတ်ချိန်အတွင်း အပြင်မှာ တွေ့ရသူတွေကို စစ်ဆေးမှု တစ်စုံတစ်ရာမရှိဘဲ ပစ်မိန့်ပေး ထားတာ ဖြစ်ပါတယ်။