close

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့်အတူ မြန်မာ့စီးပွားရေး ပိုမိုဆိုးရွားလာနိုင်

စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် မြန်မာ့စီးပွားရေးအခြေအနေ ပိုမိုဆိုးဝါးလာနိုင်သလို ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲ အကြီးအကျယ် ထပ်မံရင်ဆိုင်ရဖို့ ရှိနေတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက်  မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ လတ်တလော ရုရှား-ယူကရိန်း စစ်ပွဲကြောင့် တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

စက်သုံးဆီဈေးနှုန်း အခုလို စံချိန်တင် မြင့်တက်လာမှုဟာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမားလာသလို လုပ်ငန်းလည်ပတ်နိုင်ဖို့တောင် မနည်းကြိုးပမ်းနေရတဲ့ ပြည်တွင်းက အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းတချို့  ထပ်မံ ရပ်နားလာရပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် မြန်မာ့စီးပွားရေး အခြေအနေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ စီးပွားရေးပညာရှင် တစ်ဦးက ပြောပါတယ်။

“မြန်မာပြည်က နဂိုကတည်းက ကျပ်တည်းနေတဲ့ တိုင်းပြည်၊ စက်သုံးဆီတို့ ဘာတို့ကလည်း အကုန်လုံးကို ရှားပါးနေတဲ့ အချိန်၊ တဖြည်းဖြည်းနဲ့ ပိုပို ပိုပို ဆိုးဝါးလာတဲ့ မြန်မာကျပ်ငွေ နိမ့်ကျပြီးတော့ ဒေါ်လာဈေးတွေ တက်ပြီး၊ ပိုဆိုးလာတဲ့အခြေအနေမှာ အခုကမ္ဘာ့အခြေအနေကလည်း အလာအလားမကောင်းသေးဘူးဆိုတော့ မြန်မာပြည်ရဲ့ အခြေအနေဟာ ဒီထက် ပိုဆိုးလာဖို့ပဲ ရှိတယ်။”

စီးပွားရေးကျဆင်းလာတဲ့ အခြေအနေကို  နိုင်ငံရေးအရ မဖြေရှင်းနိုင်ရင် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ခုလိုအချိန်မှာ အာဏာပိုင်တွေကို မှီခိုပြီး စီးပွားရှာနေတဲ့ သူတွေအနေနဲ့ ကနဦးမှာ ထိခိုက်မှုနည်းပေမဲ့ နောက်ပိုင်း အားလုံးနည်းတူ ဆိုးဝါးတဲ့ အကျပ်အတည်း ရင်ဆိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။

စီးပွားရေးပညာရှင် တစ်ဦးက “စီးပွားရေးဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်တယ်၊ အဲဒီတော့ နိုင်ငံရေးက အများလက်ခံနိုင်တဲ့ အဖြေတစ်ခု မြန်မာနိုင်ငံအတွက် မပေါ်လာဘူးဆိုရင်တော့ ဒီထက် ဆိုးဖို့ပဲ ရှိတယ်၊ အားလုံးအတွက် ဘက်ပေါင်းစုံ အကျပ်အတည်း ဖြစ်လာလိမ့်မယ်၊ ပထမပိုင်းမှာတော့ အာဏာပိုင်တဲ့သူတွေ၊ အဲဒီအာဏာပိုင်တွေကို မှီပြီး စီးပွားရှာတဲ့သူတွေဟာ လောလောဆယ်အားဖြင့် မထိခိုက်ပေမယ့် ရေရှည်ကျရင် သူတို့ပါ ထိခိုက်ပြီး ဘက်ပေါင်းစုံ အကျပ်အတည်း တွေ့လာလိမ့်မယ်”လို့  သုံးသပ်ပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင်က တစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ထိ ၄ ဆနီးပါး ဈေးနှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာတဲ့အတွက် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမို ကြီးမြင့်လာပြီး အခြေခံစားသောက်ကုန်တွေလည်း ဈေးနှုန်း ဆက်လက် မြင့်တက်နေတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့  တိုင်းပြည်စီးပွားရေးကျပ်တည်းနေချိန်မှာ စီးပွားရေး ပြန်ကောင်းအောင်လုပ်ရမယ့်အစား  ဗိုလ်ရှုခံသဘင်ပွဲကို  ပြည်သူပိုင်ငွေ ကျပ်သိန်း ၉ သောင်းကျော် အလဟဿသုံးစွဲပစ်ခဲ့ပြီး နိုင်ငံတဝန်းလှည့်လည် ယတြာချေပွဲတွေ ပြုလုပ်နေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up