close

ပြည်နယ်နှင့်တိုင်းများအတွက်ထောက်ပံ့ငွေ ဘတ်ဂျက်လျော့ချ၊ ဌာနဆိုင်ရာများ အတွက် စက်သုံးဆီ လျှော့ချ

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့ လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေ ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကထက် ၁၂ ရာခိုင်နှုန်း လျော့နည်းသွားမှာဖြစ်ပြီး အသုံးစရိတ် ခြိုးခြံချွေတာကြဖို့ နဲ့ စက်သုံးဆီ သုံးစွဲမှုနှုန်းလျှော့ချဖို့  အာဏာသိမ်း စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်ပါတယ်။  

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၄ ရက်က နေပြည်တော်မှာကျင်းပရာ ပြောကြားသွားတာလို့ စစ်ကောင်စီပြန်ကြားရေးသတင်းအရ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနဲ့ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံ ပြောင်းလဲမှု ဖြစ်စဉ်တွေအရ နိုင်ငံတော်ရဲ့ ကဏ္ဍစုံရငွေတွေ လျော့နည်းနိုင်သည်ကို တွေ့ရတာကြောင့်  တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့ လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေကို ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကထက် ၁၂ ရာခိုင်နှုန်း လျော့နည်းပြီး ၈၈ ရာခိုင်နှုန်းအထိ ထောက်ပံ့ထားတာကိုတွေ့ရမှာဖြစ်သလို အခွန် ဝေစုကိုလည်း အလားတူ လျော့နည်းခွဲဝေပေးခဲ့ရကြောင်း ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ စီမံအုပ်ချုပ်မှုဆိုင်ရာ အသုံးစရိတ်တွေ တတ်နိုင်သမျှ ခြိုးခြံချွေတာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အသုံးစရိတ်တွေကိုသာ ဦးစားပေး ဆောင်ရွက်သွားကြဖို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောသွားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ စုစုပေါင်း ရငွေက  ၂၀၁၉ - ၂၀၂၀ အမှန်စာရင်းစုစုပေါင်းရငွေ ငွေကျပ် ၁၁၇၇ ဘီလီယံကျော်ရှိပြီး ၂၀၂၀- ၂၀၂၁ ရှေ့ပြေးအမှန်မှာ ငွေကျပ် ၇၈၆ ဒသမ ၆ ဘီလီယံကျော် ၊  ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက် ၆ လ မူလခန့်မှန်းခြေက ငွေကျပ် ၅၁၆ ဒသမ ၈ ဘီလီယံကျော်နဲ့  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လျာထားအပေါ် စိစစ်ပြီး ၁၀၅၈ ဒသမ ၉ ဘီလီယံကျော်ရှိတယ်လို့ဆိုပါတယ်။

စုစုပေါင်းသုံးငွေကတော့  ၂၀၁၉ - ၂၀၂၀ အမှန်စာရင်း ငွေကျပ် ၃၃၄၁ ဘီလီယံကျော် ၊ ၂၀၂၀-၂၀၂၁ ရှေ့ပြေးအမှန်စာရင်း ငွေကျပ်ဘီလီယံ ၃၀၅၃ ဒသမ ၅ ဘီလီယံကျော် မီနီ ဘတ်ဂျက်မှာ ငွေကျပ်၁၅၇၉ ဒသမ ၈ ဘီလီယံကျော်နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ခန့်မှန်း ငွေကျပ် ၃၁၃၁ ဒသမ ၅ ဘီလီယံ ကျော်ရှိမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရသုံးစာရင်းနှိုင်းယှဉ်ပါက နှစ်စဉ်ရငွေနဲ့ သုံးငွေ ပျမ်းမျှအချိုးဟာ  ၁ အချိုး ၃  ရှိပြီး သုံးငွေကဏ္ဍက  ရငွေကဏ္ဍထက် ၃ ဆ ပိုမိုများပြားနေတာတယ်လို့သိရပါတယ်။ 

အလားတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကိုလည်း မနေ့ ညနေပိုင်းက ကျင်းပရာမှာ နိုင်ငံတော်အနေနဲ့ စက်သုံးဆီတွေကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေဖို့ စက်သုံးဆီလျှော့သုံးကြဖို့   ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဝန်ကြီးဌာန တာဝန် ရှိသူတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

အခုကာလဟာ ကမ္ဘာတဝန်း ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လည်းကောင်း၊ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကြောင့်လည်းကောင်း ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေး ကျဆင်းခဲ့ရပြီး အထွေထွေကုန်စည်ဈေးနှုန်း၊ ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးနဲ့ ငွေကြေးဈေးနှုန်း မတည်ငြိမ်မှုတွေ ကြုံတွေ့နေကြရသလို မြန်မာနိုင်ငံ ကဲ့သို့သောနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေကိုလည်း ရိုက်ခတ်မှုတွေ ရှိနေသည်ကို ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းရဲ့ သာမန်အသုံးစရိတ်မှာ စက်သုံးဆီနဲ့ ပတ်သက်လို့  ဌာန၊ အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းရာထူးအဆင့်အလိုက် သတ်မှတ်လျာထားတဲ့ စက်သုံးဆီ၊ အုပ်ချုပ်မှုသုံးနဲ့ လုပ်ငန်းသုံးယာဉ် လျာထားတဲ့ စက်သုံးဆီ အရေအတွက် ဂါလန်တွေ  ဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် လျာထားခဲ့တဲ့ စက်သုံးဆီအရေအတွက် ဂါလန်တွေနဲ့ နှိုင်းယှဉ်လျှင် များစွာလျော့နည်း သွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်တွေရဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ခံစားခွင့်ပြုထားတဲ့ မော်တော်ယာဉ်တွေရဲ့ စက်သုံးဆီသုံးစွဲခွင့်ပြုနှုန်းထားတွေကိုလည်း  လက်ရှိ နိုင်ငံတော်ရဲ့ ရငွေပိုင်းအခြေအနေအရ၊ ခြိုးခြံချွေတာရေးအရ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ လျှော့ချ သုံးစွဲကြဖို့လည်း တိုက်တွန်းသွားပါတယ်။

ဒါပေမဲ့ အထူးကိစ္စတစ်ရပ်နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိမယ့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ထူးခြားလေးနက်ပြီး အနှစ်သာရပြည့်ဝတဲ့ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပ နိုင်ရေးဖို့ ဘတ်ဂျက်ဆိုင်ရာ လျာထားချက်တွင် မဖြစ်မနေထည့်သွင်း ဆောင်ရွက်ဖို့လည်း ပြောသွားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က  ဗိုလ်ရှုခံ စိန်ရတုပြည်ထောင်စုနေ့ပွဲကို နေပြည်တော်မှာ ကျပ်သိန်းပေါင်း ၉ သောင်းကျော် ပြည်သူ့ ဘဏ္ဍာငွေတွေကို အလဟဿ သုံးစွဲခဲ့ပါတယ်။ 

နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အရင်အရပ်သားအစိုးရလက်ထက်က ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းဆွေးနွေး ငြင်းခုံ အတည်ပြုချက်ရယူပြီးမှ သုံးစွဲနိုင်တာဖြစ်ပါတယ်။

အခုစစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတော်ရဲ့ ဘတ်ဂျတ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ သိခွင့်မရသလို ကာကွယ်ရေးနဲ့ စစ်အသုံးစရိတ်တွေကိုလည်း စိတ်တိုင်းကျသုံးစွဲနေတာဖြစ်ပါတယ်။  

တိုင်းရင်းသားဒေသတွေ အပါအဝင် ပြည်နယ်နဲ့တိုင်းတွေရဲ့ ဘတ်ဂျတ်အသုံးစရိတ်တွေကို လျော့ချနေပေမဲ့ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုတွေကိုတော့ ပိုတိုးပြီး လုပ်ဆောင်နေပါတယ်။ 

PHOTO-MOI

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up