close

ထားဝယ်တွင် ထောင်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေးအကျဥ်းသား/သူ ၂၀၀ ကျော်ရှိလာ

ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး မတ်လ ၆ ရက်အထိ တနှစ်ကျော်ကာလအတွင်း ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား/သူ စုစုပေါင်း ၂၀၀ ကျော်ရှိပြီလို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး အနည်းဆုံး ၂ နှစ်ကနေ ၂၆ နှစ်အထိ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရသူ အမျိုးသား ၁၇၅ ဦးနဲ့ အမျိုးသမီး ၃၈ ဦးရှိပြီး အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့သူကတော့ အယောက် ၁၅၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ထောင်ဒဏ်အမိန့်ချမှတ်ခံထားရသူတွေအနက် အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၄ ဦးကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် လက်ရှိ ​ထားဝယ်အကျဥ်းထောင်အတွင်း ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဥ်းသား ၁၅၁ ဦးနဲ့ နိုင်ငံရေးအကျဥ်းသူ ၃၄ ဦးရှိပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေကို ထားဝယ်ထောင်တွင်း တရားရုံးမှာပဲ့ ရုံးထုတ်စစ်ဆေးပြီး လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ရှေ့နေလိုက်ပါခွင့်မရကြတဲ့အတွက် ဖမ်းဆီးခံထားရသူအများစုဟာ မိသားစုနဲ့ အဆက်အသွယ်မရကြဘူးလို့လည်း သိရပါတယ်။

ထားဝယ်ခရိုင်မှာ စစ်အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရသူဦးရေ ၅၀၀ လောက်ရှိပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တို့က ၁၁၀ နဲ့ အောက်တိုဘာ ၂၀ ရက်က အယောက် ၃၀၊ စုစုပေါင်း ၁၄၀ လောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဓာတ်ပုံ - ထားဝယ်အကျဥ်းထောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up