မန်စီးတီးကို မီရန် အလှမ်းဝေးကွာနေဆဲဖြစ်ကြောင်း မန်ယူနည်းပြ ရန်းနစ်ခ် ဝန်ခံ

မန်စီးတီးအသင်းရဲ့ခြေစွမ်းကို မီဖို့အတွက် အလှမ်းဝေးကွာနေဆဲဖြစ်ကြောင်း မန်ယူနည်းပြ ရန်းနစ်ခ်က ပြောပါတယ်။
မန်ချက်စတာဒါဘီမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းဖြစ်ပြီး ရလဒ်က နှစ်သင်းကြားက ခြေစွမ်းကွာဟချက်ကို ဖော်ပြခဲ့တာလို့ ရန်းနစ်ခ်က ပြောပါတယ်။
“ပထမပိုင်းမှာ ကောင်းမွန်အောင်ကစားနိုင်ခဲ့ပြီး ပြိုင်ဆိုင်မှုလည်း ရှိခဲ့တယ်။ ဂိုးစောစောပေးရပေမယ့် ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ၁ ဂိုးထပ်ပေးလိုက်ရပြန်တယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းနဲ့ ယှဉ်ပြိုင်ရတာက အလွန်ခက်ခဲပါတယ်။ နောက်ဆုံးမိနစ်မှာ စတုတ္ထမြောက်ဂိုး ပေးလိုက်ရပြန်တယ်။ ဒီအခြေအနေက ကျနော်တို့ဟာ သူတို့ကို မီဖို့ အလှမ်းကွာဝေးနေသေးတယ်ဆိုတာ ပြသနေပါတယ်။ သူတို့က ပိုကောင်းတဲ့အသင်းဆိုတာ လက်ခံရပါမယ်။ လာမယ့် အိမ်ကွင်း ၂ ပွဲက အရေးကြီးပြီး နိုင်ပွဲပြန်ရဖို့ လိုပါတယ်။”
မန်ယူအသင်းဟာ မတ် ၁၃ ရက်နဲ့ ဧပြီ ၂ ရက်မှာ စပါး၊ လက်စတာအသင်းတွေနဲ့ လိဂ်အိမ်ကွင်း ၂ ပွဲဆက်တိုက်ကစားရမှာပါ။ အဲဒီ ၂ ပွဲကြားထဲမှာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်လည်း ကစားသွားရမှာဖြစ်ပါတယ်။