မန်ယူအသင်းအတွက် ရှက်စရာကောင်းသည့် ရှုံးပွဲဟု နဗီးလ်နှင့် ရွိုင်ကိန်း သုံးသပ်

မန်စီးတီးနဲ့ ဒါဘီပွဲစဉ်ဟာ မန်ယူနိုက်တက်အသင်းအတွက် ရှက်စရာကောင်းတဲ့ ရှုံးပွဲဖြစ်ခဲ့တယ်လို့ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့က ဝေဖန်သွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ပရီးမီးယား လိဂ်ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို ခြေစွမ်းအရလည်း အားနည်းချက်တွေ ရှိခဲ့တာပါ။
မန်ချက်စတာဒါဘီပွဲစဉ်ကို စကိုင်းစပေါ့ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ ယူနိုက်တက်ဂန္ထဝင်တွေဖြစ်တဲ့ နဗီးလ်နဲ့ ရွိုင်ကိန်းတို့ကတော့ ဂုဏ်သိက္ခာကျဆင်းစေပြီး ရှက်စရာကောင်းတဲ့ ရှုံးပွဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“၃ ဂိုး ၁ ဂိုး ဖြစ်ချိန်မှာ ယူနိုက်တက်ရဲ့ တုံ့ပြန်ပုံက စိတ်ပျက်စရာကောင်းတယ်။ အဲဒီအချိန်မှာ မန်စီးတီးက ၉၂ ရာခိုင်နှုန်းအထိတောင် ဘောလုံးပိုင်ဆိုင်မှု ရခဲ့တာသတဲ့လား။ ယူနိုက်တက်အသင်းသားတွေက ၃ ဂိုး ၁ ဂိုးဖြစ်သွားချိန်မှာ အရှုံးပေးလိုက်ကြတယ်။ သူတို့ဟာ ကွင်းထဲမှာ လမ်းလျှောက်နေကြတယ်။ ရလဒ်က ပြဿနာ မဟုတ်ပေမယ့် လွယ်လွယ်အရှုံးပေးလိုက်ကြတာက ပြဿနာတခုပါ။ နောက်ဆုံး ၂၅ မိနစ်ကစားပုံကတော့ ရှက်စရာ ကောင်းပါတယ်” လို့ ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့ပါတယ်။
ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကလည်း နဗီးလ်ရဲ့ သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး ၃ ဂိုး ၁ ဂိုး ဖြစ်ပြီးချိန်မှာ ယူနိုက်တက်ကစားသမားတွေက အလွယ်တကူအရှုံးပေးလိုက်တယ်လို့ ဝေဖန်ပါတယ်။
နည်းစနစ်နဲ့ ပတ်သက်လို့ နည်းပြက ဝေဖန်ခံရမှာဖြစ်ပေမယ့် ကစားသမားတွေဟာလည်း နောက်ကိုပြန်မဆင်းဘဲ လမ်းလျှောက်နေကြတာက ရှက်စရာဖြစ်ကြောင်း၊ ကစားသမား ၅ ဦး ၆ ဦးလောက်က အသင်းမှာကစားဖို့ မထိုက်တန်ကြောင်း ရွိုင်ကိန်းက ဝေဖန်သွားပါတယ်။