မန်စီးတီးနှင့်လီဗာပူး လမ်းစဉ်ကို အတုယူနိုင်ရန် လိုကြောင်း မန်ယူနည်းပြ ရန်းနစ်ခ်ပြော

မန်စီးတီးနဲ့ လီဗာပူးအသင်းတွေရဲ့ လမ်းစဉ်ကို အတုယူနိုင်ဖို့ လိုအပ်ကြောင်း မန်ယူနည်းပြ ရက်ဖ်ရန်းနစ်ခ်က ဝန်ခံပြောသွားပါတယ်။
မန်ယူအသင်းဟာ တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ အီတီဟတ်မှာ သွားရောက်ကစားဖို့ရှိပါတယ်။ အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက်တွေကို အတုယူဖို့လိုကြောင်း နည်းပြ ရန်းနစ်ခ်က ဝန်ခံစကားဆိုခဲ့တာပါ။
မန်စီးတီးနဲ့ လီဗာပူးအသင်းတွေဟာ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ် အတွင်းမှာ လက်ရှိနည်းပြတွေနဲ့ပဲ တည်ငြိမ်မှုရှိရှိနဲ့ စဉ်ဆက်မပြတ် တည်ဆောက်လာခဲ့ကြကြောင်း၊ သူတို့မှာ ဘယ်လိုကစားပုံနဲ့ ကစားမလဲဆိုတာ ရှင်းလင်းတဲ့ ကိုယ်ပိုင် လက္ခဏာရှိကြောင်း နည်းပြ ရန်းနစ်ခ်က ချီးကျူးပါတယ်။
“ယာဂန်ကလော့ပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို ပတ်ဂွါဒီယိုလာနဲ့လည်း ဂျာမနီမှာတုန်းက သိခဲ့ပါတယ်။ သူတို့က အသင်းကို ဘယ်လို ကစားမလဲဆိုတာ ရှင်းလင်းတဲ့ ဘောလုံးဒဿနရှိကြတယ်။ ဒါက သူတို့အောင်မြင်မှုတွေရဲ့ လျှို့ဝှက်ချက်ပါပဲ။ ပုံမှန်အားဖြင့်တော့ ထိပ်တန်းအသင်းတိုင်းက ကိုယ်ပိုင်လက္ခဏာရှိကြပါတယ်။ ဒီအချက်က မန်ယူနိုက်တက်မှာ တိုးတက်လာဖို့ လိုအပ်နေတဲ့အချက်ပါပဲ” လို့ နည်းပြ ရန်းနစ်ခ်က ပြောပါတယ်။
ယူနိုက်တက်ဟာ ရာသီအကုန်မှာ အမြဲတမ်းနည်းပြသစ် ခန့်အပ်ဖို့ ရှာဖွေနေပေမယ့် သူနဲ့ ဆွေးနွေးတိုင်ပင်ထားတာ မရှိသေးကြောင်း နည်းပြရန်းနစ်ခ်က ပြောသွားပါတယ်။