အီသီယိုးပီးယားလေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၃၀၄ ဦး သေဆုံးပြီး၊ ၃၇၃ ဦး ဒဏ်ရာရ

အီသီယိုးပီးယားနိုင်ငံ၊ တီဂရေးနဲ့ အာဖာဒေသတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လူ ၃၀၄ ယောက် သေဆုံးပြီး လူ ၃၇၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မီရှဲလ်ဘာချေးလက်က မတ် ၇ ရက်နေ့မှာ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်းက အခြေအနေဟာ နိုဝင်ဘာလကတည်းက အခုထိ ပိုဆိုးလာနေပြီး အဓမ္မပြုကျင့်မှုနဲ့ လူသေတဲ့အထိ လေကြောင်းတိုက်ခိုက်တာတွေ အပါအဝင် ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွေကို လက်ခံရရှိထားတယ်လို့ သူက ပြောပါတယ်။
အစိုးရကတော့ တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) နဲ့ ပြည်ထောင်စုတပ်တို့ကြား ၁၆ လကြာ တိုက်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်မထားခဲ့ဘူးလို့ ပုံမှန် ငြင်းဆိုပါတယ်။
ကုလလူ့အခွင့်အရေးဆိုင်ရာ အီသီယိုးပီးယား သံတမန် မူလတ်ဟိုင်လူဂွါဒီကလည်း ဘာချေးလက်ရဲ့ ကြေညာချက်ကို ပယ်ချလိုက်ပြီး မြေပြင်က အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်လို့လည်း ပြောပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂ လအတွင်း အမ်ဟာရာဒေသထဲမှာ တီဂရေးတပ်တွေက အဓမ္မပြုကျင့်မှု ၃၀၆ မှု ရှိခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေကို ဌာနက ရထားတယ်လို့ ဘာချေးလက်က ပြောပါတယ်။
တီဂရေးတပ်တွေရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရတယ်ဆိုတဲ့ အမ်ဟာရာဒေသထဲက အမျိုးသမီးတွေကို ရိုက်တာသတင်းဌာနက လူတွေ့မေးမြန်းခဲ့ပါတယ်။
တစ်ဂရေးတပ်ဖွဲ့ ပြောခွင့်ရကတော့ အားလုံး အကျုံးဝင်တဲ့ စွဲချက်တွေကို မှတ်ချက်မပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။