close

အမေရိကန် လက်ယာယိမ်းအုပ်စု ခေါင်းဆောင်ဟောင်းကို လွှတ်တော်တိုက်ခိုက်မှု စွဲချက်ဖြင့် ဖမ်းဆီး

အမေရိကန် လက်ယာယိမ်းအုပ်စုဖြစ်တဲ့ Proud Boys အုပ်စု ဥက္ကဋ္ဌဟောင်း အန်ဒရစ်ချ် တာရီယိုကို မတ်လ ၇ ရက်က ဖမ်းဆီးလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ အနိုင်ရကြောင်း တရားဝင် ထောက်ခံချက်ကို တားမြစ်ဖို့ အမေရိကန်လွှတ်တော်ကို ၂၀၂၁ ဇန်နဝါရီ ၆ ရက်က တိုက်ခိုက်ရာမှာ နောက်ကွယ်က စီစဉ်မှုနဲ့ သူ့ရဲ့ အခန်းကဏ္ဍ စွဲချက်အတွက် ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးတာ ဖြစ်ပါတယ်။
သူဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်ပြီး တရားခံပြေးဖြစ်မယ့် အလားအလာ ရှိတယ်လို့ ယုံကြည်လို့ ဆိုင်းငံ့တရားခွင်မှာ သူ့ကို ထိန်းသိမ်းထားဖို့ အစိုးရရှေ့နေတွေက ကြိုးစားနေပါတယ်။
တာရီယိုကတော့ သူ့မှာ စုဆောင်းထားတဲ့ငွေ လုံးဝမရှိဘဲ သီတင်းပတ် တပတ်ကို ဒေါ်လာ လေးငါးရာရတဲ့ တီရှပ်တံဆိပ်ရိုက် အလုပ်ကို လတ်တလောမှာမှ ရထားတာလို့ တရားသူကြီးကို ရုပ်သံတရားခွင်မှာ ပြောပါတယ်။
တာရီယိုအတွက် ပြည်ထောင်စုရှေ့နေတယောက်ကို ခန့်အပ်ပေးထားပြီး လာမယ့် သောကြာနေ့ မနက် ၁၀ နာရီမှာ သူ့အမှုကို ကြားနာမှာပါ။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက လွှတ်တော်ကို တိုက်ခိုက်ရာမှာ ပါဝင်တဲ့ အခန်းကဏ္ဍအတွက် လူ ၇၇၅ ယောက်ကျော်ကို ရာဇဝတ်မှုနဲ့ တရားစွဲရာမှာ တာရီယိုဟာ နာမည်အကြီးဆုံး လူတွေထဲက တယောက်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up