ချန်ပီယံလိဂ်နှင့်ထိုက်တန်သည့် လူစာရင်းပိုင်ဆိုင်ရန် အာဆင်နယ်အသင်း ကြိုတင်ပြင်ဆင်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ထိုက်တန်တဲ့ လူစာရင်းပိုင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။
လက်ကျန် ၁၂ ပွဲအလို အာဆင်နယ်က အမှတ်ပေး ဇယားအဆင့် ၄ မှာ ရပ်တည်နေပြီး ပြိုင်ဘက်တွေထက် ပွဲလျော့ကစားထားတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းနေတာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရခဲ့မယ်ဆိုရင် လက်ရှိ လူစာရင်းထက်ပိုပြီး တောင့်တင်းဖို့လိုတာကြောင့် တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ်ပိုင်းအတွက်ပါ ကစားသမားသစ်တွေခေါ်ဖို့ ပစ်မှတ်ထားနေတယ်လို့ Evening Standard သတင်းမှာ ဖော်ပြပါတယ်။
တိုက်စစ်ပိုင်းအတွက် စပိန်ကလပ် ဆိုစီဒက်က ဆွီဒင်တိုက်စစ်မှူး အီရှက်ခ်၊ အဲဗာတန်တိုက်စစ်မှူး ကယ်ဗက်လီဝင်၊ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်တို့ကို ပစ်မှတ်ထားနေပါတယ်။
ကွင်းလယ်မှာတော့ ဗီလာက ဘရာဇီးကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်၊ ဝုဗ်က ပေါ်တူဂီ ကွင်းလယ်လူ နီဗက်စ်နဲ့ လက်စတာက ဘယ်လ်ဂျီယံကွင်းလယ်လူ တိုင်လီမန်တို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။
အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာကတည်းက ကစားသမားသစ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆုံးသတ်မှာ အဆင်မပြေဖြစ်ခဲ့တာပါ။
ခံစစ်ပိုင်းအတွက်တော့ မစ်ဒယ်ဘရော့ ညာနောက်ခံလူ ဒီဂျက်စပန့်ကို ခေါ်ယူလိုနေတယ်လို့ Evening Standard သတင်းကို ကိုးကားပြီး Dailymail သတင်းစာက ဖော်ပြသွားပါတယ်။