close

စီးပွားရေးအမြင်ရှိကြရန် စစ်တပ်အရာရှိကြီးများကို အာဏာသိမ်း စစ်ခေါင်းဆောင်တိုက်တွန်း

စီးပွားရေးကောင်းမွန်မှ လူနေမှုဘဝ မြင့်မားလာမှာဖြစ်လို့ နိုင်ငံအတွက် စီးပွားရေးအမြင်တွေ တိုးတက်လာစေဖို့နဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေ  မြင့်မားလာစေရေး လေ့လာအားထုတ်ကြဖို့  အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်တပ်အရာရှိကြီးတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  မတ်လ ၉ ရက် မနက်ပိုင်းက နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးတွေ သင်တန်းသားအရာရှိကြီးတွေနဲ့ Video Conferencing ကတဆင့် အမှာစကားပြောကြားစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီအစိုးရပထမ သက်တမ်းကာလမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု‌တွေ ရှိခဲ့ပေမဲ့ ကုန်သွယ်မှုလိုငွေတွေရှိခဲ့ကြောင်း၊ ဒုတိယအစိုးရ သက်တမ်းကာလမှာ GDP တိုးတက်မှု ကျဆင်းလာခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆၁ ဘီလီယံကျော်ထိ ရှိခဲ့ကြောင်း၊ ပထမသက်တမ်းနဲ့ ဒုတိယအစိုးရသက်တမ်း ကာလ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိကြောင်းနဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခဲ့ခြင်းမရှိဘဲ သွင်းကုန်ကို အဓိကထား လုပ်ဆောင်ခဲ့တာကြောင့် ကုန်သွယ်မှုလိုငွေ များပြားလာခဲ့ခြင်းဖြစ်ကြောင်း လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီမိုကရေစီ ဒုတိယအစိုးရ သက်တမ်းကာလမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်တဲ့ ပြည်ပချေးငွေနဲ့ ဆောင်ရွက်ထားတဲ့ ပြည်တွင်း အခြေခံအဆောက်အဦတွေ တည်ဆောက်ရာမှာ အရေးပါတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ရပ်တန့်ပစ်ခဲ့တာကြောင့် လုပ်ငန်းတွေ ရပ်တန့်သွားပြီး ချေးငွေ၊ အတိုး၊ အရင်းတွေအလဟဿ ပေးဆပ်ခဲ့ရကြောင်း၊ ဒါ့အပြင် မိမိတို့နိုင်ငံရဲ့ စက်သုံးဆီ၊ စားသုံးဆီ အခြေခံဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ချည်ထည် ပစ္စည်းတွေကိုလည်း နှစ်စဉ်ဒေါ်လာ ဘီလီယံနဲ့ချီ တင်သွင်းနေရလို့ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်းမှာ ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

အန်အယ်လ်ဒီအစိုးရ တာဝန်ယူခဲ့တဲ့ သက်တမ်းကာလ စီးပွားရေး အခြေအနေတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က  ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပေမဲ့ လက်ရှိ စစ်အာဏာသိမ်း ထားချိန်မှာ တိုင်းပြည်စီးပွားရေးအခြေအနေ ဆိုးရွားပျက်စီးနေတဲ့ အခြေအနေကိုတော့ ထည့်သွင်း ပြောဆိုခဲ့တာ မရှိပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ လူမြင်ကွင်းကနေ ရက်အတန်ကြာ ပျောက်နေရာက ပြန်လည် ပေါ်ထွက်လာတာဖြစ်ပြီး မနေ့က တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာမယ့်  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး ဆူပထြာစရီမစ်ထရီဖိသက်ကို နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာကျပ်ငွေနဲ့ ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုတိုးတက်ကောင်းမွန်လာမယ့် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေတဲ့အခြေအနေ၊ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ အောက်ဆီဂျင်ရရှိရေး ထိုင်းနိုင်ငံကကူညီဆောင်ရွက်ပေးခဲ့တာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up