close

“အခြေအနေက တကယ့်ကို ကမ္ဘာပျက်သလိုဖြစ်နေပြီး ပိုဆိုးလာနေတယ်” – ICRC ပြောခွင့်ရ အီဝမ် ဝပ်ဆန်

ယူကရိန်းနိုင်ငံထဲက အခြေအနေက ကမ္ဘာပျက်နေသလိုပဲလို့ နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) က မတ် ၈ ရက်နေ့ ဂျီနီဗာ ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
“မာရိုင်ပူမြို့လို အဝိုင်းခံထားရတဲ့ မြို့တွေထဲမှာ ထောင်သောင်းချီတဲ့ လူတွေဟာ မရှိမဖြစ် အထောက်အပံ့တွေ ပြတ်လပ်နေပြီး စစ်ပွဲထဲမှာ ပိတ်မိနေတာပါ။ ဒီနေ့ အောက်ခြေ မြေပြင်မှာ လူတွေအတွက် အခြေအနေက တကယ့်ကို ကမ္ဘာပျက်သလို ဖြစ်နေပြီး ပိုဆိုးလာနေတယ်။ အဲဒီလူတွေဆီ အသက်ကယ် အထောက်အပံ့တွေ ရောက်ဖို့ ဒီနေ့ တကယ့်ကို ဆော်ဩပါတယ်” လို့ ICRC ပြောခွင့်ရ အီဝမ် ဝပ်ဆန်က ဆိုပါတယ်။
ရုရှားက ဖေဖော်ဝါရီ ၂၄ ရက် စတင်ကျူးကျော်ပြီးချိန်ကစ မတ် ၈ ရက်နေ့အထိ ယူကရိန်းမှာ လူ ၄၇၄ ယောက် သေဆုံးပြီး ၈၆၁ ယောက် ဒဏ်ရာရထားကာ သေဆုံးဒဏ်ရာသူ ဒီ့ထက်ပိုများနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။
ရုရှားကျူးကျော်စစ် စကတည်းက အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုပါတဲ့ လူ ၂ သန်းလောက် ယူကရိန်းကနေ ထွက်ပြေးလာခဲ့ပြီးပြီလို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ကြီး (IOM) ပြောခွင့်ရ ပေါလ် ဒီလွန်က ပြောပါတယ်။
IOM ဟာ Airbnb.org နဲ့ မိတ်ဘက်ပြုပြီး ယူကရိန်းကနေ ထွက်ပြေးလာသူတွေအနေနဲ့ ပိုလန်၊ ရိုမေးနီးယား၊ မော်လ်ဒိုဗာ၊ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားနိုင်ငံတွေက ယာယီအိမ်ရာတွေမှာ အခမဲ့နေထိုင်နိုင်ရေး ဆက်သွယ်ကြဖို့ ကြေညာခဲ့ပါတယ်။
စစ်ပွဲကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလိုသူတွေအတွက် ဘေးကင်းတဲ့ လမ်းကြောင်းတရပ် သေချာစေဖို့ အသေးစိတ် သဘောတူညီချက် ချမှတ်ကြဖို့ကိုလည်း ICRC က ဆော်ဩထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up