ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta ကို ရာဇဝတ်မှုဖြင့် ရုရှား အမှုဖွင့်

ရုရှားက ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta Platforms ကို ရာဇဝတ်မှုနဲ့ အမှုဖွင့်လိုက်ပြီး ဆိုရှယ်မီဒီယာကုမ္ပဏီကို အစွန်းရောက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာပါတယ်။
ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး ရုရှားတွေအပေါ် အကြမ်းဖက်လုပ်ဆောင်ဖို့ Meta ကုမ္ပဏီဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ အမုန်းစကားတွေ လမ်းဖွင့်ပေးတယ်လို့ စွပ်စွဲထားပါတယ်။
အမှုနောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမှုမရှိသလို၊ Meta ကုမ္ပဏီဘက်ကလည်း တစုံတရာ တုံ့ပြန်မှု မရှိသေးပါ။
ရိုက်တာသတင်းဌာနဖော်ပြချက်အရ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ရုရှားသမ္မတပူတင်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့ကို လုပ်ကြံသတ်ဖြတ်ဖို့ လှုံ့ဆော်တဲ့ ပို့စ်တွေကို ဆိုရှယ်မီဒီယာကုမ္ပဏီက ခွင့်ပြုပေးခဲ့တာပါ။
ဖေ့စ်ဘွတ်ခ် Meta ကုမ္ပဏီက သူ့ရဲ့မူဝါဒကို ယာယီအပြောင်းအလဲလုပ်ပြီး သမ္မတပူတင်၊ ရုရှားတို့နဲ့ ပတ်သက်တဲ့ အမုန်းစကားတွေကို ခွင့်ပြုပေးထားတာပါ။
ဖေ့စ်ဘွတ်ခ်၊ တွစ်တာအပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်း အတော်များများက ရုရှားမီဒီယာ RT နဲ့ Sputnik တို့ကို စစ်ပွဲစကတည်းက ပိတ်ပင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ ရုရှားသံရုံးက ဖေ့စ်ဘွတ်ခ် Meta ကုမ္ပဏီရဲ့ အမုန်းစကား အကြမ်းဖက်လှုံ့ဆော်မှုတွေကို ရပ်ခိုင်းဖို့ ဝါရှင်တန်အစိုးရကို တောင်းဆိုပါတယ်။