ရုရှားက ဓာတုလက်နက်ဖြင့် တိုက်ခိုက်နိုင်စွမ်းရှိဟုနေ ယူကရိန်းသမ္မတ ပြော

ယူကရိန်းနိုင်ငံထဲမှာ ဇီဝလက်နက် စစ်ပွဲအတွက် ဓာတ်ခွဲခန်းတွေ ရှိတယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်ကို ယူကရိန်းသမ္မတက ပယ်ချရင်း ဒီစွပ်စွဲချက်ဟာ ရုရှားက ဓာတုလက်နက်နဲ့ တိုက်ခိုက်နိုင်စွမ်း ရှိတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ မတ်လ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ဇီဝလက်နက်တွေ တီထွင်ထုတ်လုပ်ဖို့ အမေရိကန်အစိုးရဟာ ယူကရိန်း ဓာတ်ခွဲခန်းတွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ ရုရှားက ထပ်ခါတလဲလဲ စွပ်စွဲခဲ့တာပါ။
ယူကရိန်းနိုင်ငံထဲကို ရုရှားစစ်တပ်တွေ ချီတက်တိုက်ခိုက်နေချိန်မှာ ရုရှားမီဒီယာတွေက အလားတူ စွဲချက်တွေ ပိုတိုးလာနေတာပါ။
မတ်လ ၉ ရက်မှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာကပါ အလားတူ စွပ်စွဲခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒိုမြာဇလန်းစကီးကတော့ ဒီစွပ်စွဲချက်တွေရဲ့ အဓိပ္ပာယ်က ရုရှားဟာ ယူကရိန်းကို ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။
အမေရိကန်အစိုးရကတော့ ရုရှားရဲ့စွဲချက်ဟာ ရီစရာကောင်းပြီး ရုရှားအစိုးရက ဓာတုလက်နက် ဒါမှမဟုတ် ဇီဝလက်နက်သုံးဖို့ အခင်းအကျင်းတွေ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း အလားတူ စိတ်ပူကြောင်း ကြာသပတေးနေ့က ပြောခဲ့ပါတယ်။