ယူကရိန်းစစ်တပ်အထောက်အပံ့ အခြေခံအဆောက်အဦ ၃,၀၀၀ ခန့် ဖျက်ဆီးခဲ့ဟု ရုရှားပြော

ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံထဲက စစ်တပ်အထောက်အပံ့ အခြေခံအဆောက်အဦပေါင်း ၂,၉၁၁ ခုကို ဖျက်ဆီးခဲ့ပြီးပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က မတ်လ ၁၀ ရက်မှာ ပြောပါတယ်။
ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်းက အဝိုင်းခံ မာရိုင်ပူမြို့အတွင်း ရပ်ကွက်တချို့ကို ထိန်းချုပ်နိုင်ပြီးပြီလို့လည်း သူက ပြောပါတယ်။ သူ့ကြေညာချက်တွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။
အမျိုးသားရေးဝါဒီတွေ လက်ကနေ မာရိုင်ပူမြို့ လွတ်မြောက်ရေး စစ်ဆင်ရေးတွေ ဆက်လုပ်နေတယ်၊ ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံက ပြည်သူ့စစ်တွေက မြို့အရှေ့ပိုင်းက အာဇော့ဗ်စကီ၊ နိုင်ဒိုနစ်ဗ်ကာ၊ လီယာပီနို၊ ဗီနိုရာဒီ ခရိုင်တွေကို ထိန်းချုပ်ထားပြီ၊ မြို့အနောက်ပိုင်းက အနောက်ဘက် ရပ်ကွက်တွေလည်း လွတ်မြောက်သွားပြီလို့ ရုရှား ကာကွယ်ရေး ပြောခွင့်ရက ဆိုပါတယ်။
ယူကရိန်း စစ်ဘက်အခြေခံအဆောက်အဦတွေကို တိုက်ခိုက်တာလို့ ရုရှားဘက်ကပြောနေပေမဲ့ အရပ်သားတွေနေထိုင်တဲ့ အဆောက်အဦတွေနဲ့ အရပ်ဘက်ပစ်မှတ်တွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ပျက်ဆီးမှုတွေလည်း ရှိနေပါတယ်။