close

တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အခြေစိုက်စခန်းများ တိုးချဲ့ရန် ကင်ဂျုံအန်း ဆော်ဩ

အာကာသစွမ်းအင် အင်အားကြီးနိုင်ငံ ဖြစ်လာစေဖို့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBMs) တွေကို ပစ်လွှတ်တဲ့ ဒုံးလွှတ်စင်တွေကို အလွန်ခေတ်မီ အဆင့်မြင့်တဲ့ အခြေစိုက်စခန်းတွေ ဖြစ်အောင် တိုးချဲ့ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဆော်ဩလိုက်တယ်လို့ နိုင်ငံပိုင် KCNA က မတ် ၁၁ ရက်မှာ ဖော်ပြပါတယ်။

ဆိုဟဲဂြိုဟ်တု လွှတ်တင်ရေးစခန်းကို သွားရောက်လည်ပတ်ချိန်မှာ ကင်က ခုလို ပြောခဲ့တာပါ။

ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းပေါ် လွှတ်တင်ရာမှာသာမက ဒုံးကျည် နည်းပညာ အပါအဝင် စမ်းသပ်ချက် အမျိုးမျိုး လုပ်တဲ့နေရာမှာပါ ဒီစခန်းကို သုံးပါတယ်။

စမ်းသပ်ခဲ့တာတွေထဲမှာ အာကာသဒုံးပျံအင်ဂျင်တွေနဲ့ အာကာသလွှတ်တင်ရေးယာဉ်တွေ ပါဝင်ပြီး ICBM တွေမှာလည်း အလားတူ နည်းပညာတွေ လိုတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။

ကင်ဟာ အခြေစိုက်စခန်းကို စစ်ဆေးအပြီးမှာ စစ်ရေးကင်းထောက် ဂြိုဟ်တုတွေအပါအဝင် ရည်မှန်းချက်မျိုးစုံအတွက် ဂြိုဟ်တုတွေကို လွှတ်တင်နိုင်တဲ့ ဒုံးပျံအမျိုးမျိုး ပစ်လွှတ်နိုင်တာ သေချာစေဖို့ ခေတ်မီတိုးတက်အောင် လုပ်ရမယ်လို့ အမိန့်ပေးခဲ့ကြောင်း KCNA က ဖော်ပြပါတယ်။

မြောက်ကိုရီးယားက လတ်တလောမှာ အာကာသလွန်းပျံယာဉ် ပစ်လွှတ်ချင်ယောင်ဆောင်ပြီး လက်နက် စမ်းသပ်ချက် ၂ ရပ်ကို စမ်းသပ်ခဲ့ရာမှာ အဲဒီစမ်းသပ်ချက် ၂ ရပ်လုံး ICBM စနစ်သစ်ကို သုံးထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားက ပူးတွဲကြေညာအပြီးမှာ KCNA က ခုလို ဖော်ပြတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up