ရုရှား-ယူကရိန်းစစ်ပွဲ၌ နေတိုးပါလာလျှင် တတိယကမ္ဘာစစ်ဖြစ်မည်ဟု အမေရိကန်ပြော

သမ္မတဂျိုးဘိုင်ဒင်က ရုရှား-ယူကရိန်းစစ်ပွဲမှာ အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေ တိုက်ရိုက်ပါဝင်လာရင် တတိယကမ္ဘာစစ်ဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုကနေ ယူကရိန်းကို ကာကွယ်ဖို့ လေယာဉ်မပျံသန်းရဇုန် တောင်းဆိုနေသူတွေကို ဘိုင်ဒင်က အမေရိကန်ရဲ့ စစ်ပွဲတိုက်ရိုက်ပါဝင်မှုက တတိယကမ္ဘာစစ်ကို ဦးတည်သွားလိမ့်မယ်လို့ တုံ့ပြန်ပြောခဲ့တာပါ။
သူက “အမေရိကန် တိုက်ခိုက်ရေး စစ်လေယာဉ်တွေ တင့်ကားတွေ ပိုက်လော့တွေ စစ်သားတွေ ယူကရိန်းကို လွှတ်လိုက်ရင် တတိယကမ္ဘာစစ်လို့ ခေါ်ရတော့မှာပေါ့၊ ဒါကို အလိုရှိနေကြတာလား၊ ပေါ့ပေါ့ မစဉ်းစားပါနဲ့။ ဒါပေမဲ့ ကျနော်တို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်ကိုတော့ တလက်မမှ အကျူးအကျော်မခံပါဘူး၊ နေတိုးနယ်မြေတွေအပေါ်မှာ ကြီးမားတဲ့တာဝန်ဝတ္တာရား ကျနော်တို့မှာ ရှိပါတယ်။ ယူကရိန်းမှာတော့ တတိယကမ္ဘာစစ် မစတင်နိုင်ပါဘူး” လို့ ဒီမိုကရက်ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီနောက် ဘိုင်ဒင်က “ပူတင်ရဲ့ ယူကရိန်းကို စစ်ဆင်မှု မအောင်မြင်နိုင်ပါဘူး၊ ကျနော်တို့ရဲ့ ဒီမိုကရေစီ မဟာမိတ်အင်အားစုတွေက သွယ်ဝိုက်ပြီး ပုံအောကူညီနေပေးပါတယ်။ သမ္မတဇလန်းစကီးကိုလည်း ဒီနေ့ စကားပြောပြီး လိုအပ်တဲ့ စစ်ဘက်အကူအညီတွေ၊ ယူကရိန်းလူထုအတွက် လိုအပ်တဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးနေပါတယ်” လို့ ပြောပါတယ်။