မောင်တော၌ နယ်ခြားစောင့်ရဲ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး ခြေထောက်ဖြတ်ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာသားတဦး မတ် ၁၃ ရက်နေ့ ညနေ ၆ နာရီလောက်က နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရှိပြီး ညာခြေထောက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
ခြေထောက်ဖြတ်လိုက်ရသူမှာ အသက် ၃၇ နှစ်အရွယ် ဦးကျော်မောင်သာ(ဘ)ဦးထွန်းနုဖြစ်ပြီး ရွာ နဲ့ ၂ ဖာလုံအကွာမှာ နွားပျောက်ရှာနေစဥ် မိးတိုက်ကျေးရွာ တာဝန်ကျ နယ်ခြားစောင့်စခန်းကနေ ပစ်ခတ်လိုက်တာကြောင့် ညာဖက်ခြေထောက် ဒဏ်ရာရရှိသွားခဲ့ပြီး မောင်တောဆေးရုံမှာ ခြေထောက်ဖြတ်လိုက်ရတာလို့ မီးတိုက်ကျေးရွာသားတဦးက ဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ ခြေထောက်ဖြတ်လိုက်ရပါတယ်။ ဖြစ်တာက သူက နွားပျောက်လို့ နွားရှာနေတာကို နယ်ခြားစောင့်တပ်ဖွဲက သေနတ်နဲ့လှမ်းပစ်တာပါ။ ညာဘက်ခြေထောက် ဒူးခေါင်းပွင့်ထွက်သွားတာ” လို့ ပြောပါတယ်။
မီးတိုက်ကျေးရွာအုပ်ချုပ်ရေးမှူးက "ဒဏ်ရာပြင်းထန်တဲ့အတွက် ညတွင်းချင်း မောင်တောဆေးရုံကို ယူလာခဲ့ကြတယ်။ ခြေထောက်က အခြေအနေဆိုးတော့ ဒူးအောက်ပိုင်း ဖြတ်လိုက်ရတယ်။ ဘာကြောင့် ပစ်တာလဲဆိုတာတောမသိဘူး။ နွားပျောက်လို့ ရှာနေတာမှာ အပစ်ခံရတာလို့ သိရတယ်” လို့ ပြောပါတယ်။
နောက်ဆုံးရရှိတဲ့သတင်းအရ ဒဏ်ရာပြင်းထန်ရရှိပြီး ခြေထောက်ဖြတ်လိုက်ရတဲ့ မီးတိုက်ကျေးရွာသား မောင်တောဆေးရုံမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။