close

ကျဆုံးကျောင်းသား ကိုဟန်ထက်အောင်ကို အာဇာနည်ဘွဲ့ အပ်နှင်း

နွေဦးတော်လှန်ရေးအတွက် အသက်ပေးလှူ ကျဆုံးခဲ့ရတဲ့ ကိုဟန်ထက်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်ပါတယ်။

ကိုဟန်ထက်အောင် ကွယ်လွန်တာ တနှစ်ပြည့်တဲ့ ဒီကနေ့ မတ် ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး  သူ့ရဲ့ စွန့်လွှတ်မှုကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ကျောင်းသားထုက အစဉ်အမြဲ အောက်မေ့ ဦးညွတ်နေမယ်လို့ ဖော်ပြထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ကိုဟန်ထက်အောင်ဟာ ဒဂုံတက္ကသိုလ် အဝေးသင်ဌာန၊ မြန်မာစာအထူးပြု တတိယနှစ်ကျောင်းသားတယောက်ဖြစ်ပြီး လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရင်း ရန်ကုန်တိုင်း၊ မြောက်ဉက္ကလာပ မြို့နယ်မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ နွေဦးတော်လှန်ရေး အောင်မြင်ပြီးချိန်မှာ ဒဂုံတက္ကသိုလ်ရဲ့ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူလူထုရှေ့မှောက်မှာ ကျန်ရစ်သူ မိသားစုတွေကို အဆိုပါဘွဲ့ကို ပေးအပ်သွားမှာဖြစ်ပြီး တက္ကသိုလ်မော်ကွန်းတိုက်၊ ကျောင်းသားသမဂ္ဂမော်ကွန်းတိုက်တွေမှာ မော်ကွန်းမှတ်တမ်းအနေနဲ့ ထားရှိသွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံကြဘဲ ခုခံတော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ တနှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာပါ။

နိုင်ငံတဝန်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်လာနေခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ရှိအချိန်ထိ အပြစ်မဲ့ကျဆုံးပြည်သူ ၁၆၅၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂၆၁၇ ယောက်ထိရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up