close

နျူကလီးယားစစ်ပွဲ အလားအလာ ဖြစ်နိုင်ချေရှိဟု ကုလအတွင်းရေးမှူးချုပ် ပြော

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်အပြီး ရုရှား နျူကလီးယားတပ်ဖွဲ့တွေကို တိုးမြှင့် တပ်လှန့်လိုက်တဲ့ ရုရှားရဲ့ သတိပေးချက်ဟာ အရိုးစိမ့်စေတဲ့လုပ်ရပ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရက်စ်က မတ်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
တချိန်က မတွေးရဲစရာ နျူကလီးယားစစ်ပွဲ အလားအလာဟာ ခုတော့ ဖြစ်နိုင်ချေရှိနေပြီလို့လည်း ဂုတားရဲ့စ်က သတင်းထောက်တွေကို ပြောပါတယ်။ ရန်လိုတာတွေ ချက်ချင်းရပ်ဖို့ကိုလည်း သူက ထပ်ပြီးဆော်ဩလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းနယ်စပ်တွေ တလွှားကနေ ပြည်သူ ၂ ဒသမ ၈သန်းကျော် ထွက်ပြေးခဲ့ရတာပါ။
ရုရှားတပ်တွေ အဝိုင်းခံထားရတဲ့ မြို့တွေထဲမှာလည်း ထောင်သောင်းချီတဲ့လူတွေ ပိတ်မိနေပါတယ်။
ကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံတွေက ရုရှားအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်ခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံထဲက ဥရောပရဲ့ အကြီးဆုံးဖြစ်တဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဇာပိုရစ်ရှာမှာ မီးလောင်အပြီး နျူကလီးယားစက်ရုံရဲ့ ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ဂုတားရက်စ်က ဆော်ဩခဲ့ပါတယ်။
ခုချိန်ဟာ ယူကရိန်းပြည်သူတွေအပေါ် ကျရောက်နေတဲ့ ထိတ်လန့် ကြောက်ရွံ့စရာတွေကို ရပ်တန့်ရမယ့် သံတမန်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းပေါ် လျှောက်လှမ်းရမယ့် အချိန်ပဲလို့လည်း ဂုတားရက်စ်က ပြောခဲ့ပါတယ်။
ယူကရိန်းအတွက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ ဗဟို အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ သန်း ၄၀ ကို ကုလသမဂ္ဂက ထပ်ပေးမယ်လို့လည်း သူက ပြောခဲ့ပါတယ်။ ဒီငွေတွေနဲ့ အသက်ကယ် အကူအညီတွေ၊ ဆေးတွေ၊ စားနပ်ရိက္ခာနဲ့ သောက်ရေအပြင် ငွေသားအထောက်အပံ့တွေပါ ပေးအပ် ကူညီသွားမယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up