စစ်ကောင်စီတပ် အကြမ်းဖက် ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၆၈၀ နီးပါး ရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၆၇၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၇၈၀ ယောက် ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၁၇ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၇၄၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၄၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ဘိုတဲကုန်းကျေးရွာက အသက် ၂၁ နှစ်အရွယ် ကိုရဲမင်းဇော် (ခ) ဗွိုက်ကာကို အကြမ်းဖက်စစ်အုပ်စုတပ်က မတ် ၂ ရက်နေ့ကတည်းက ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး ၁၄ ရက် ညနေပိုင်းမှာတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ သူ့ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြတယ်လို့ သိရရပါတယ်။ ကိုရဲမင်းဇော် (ခ) ဗွိုက်ကာဟာ နယ်မြေခံပြောက်ကျားတပ်ဖွဲ့ဝင်ဖြစ်ပြီး မတ် ၅ ရက်က တည်းက သတ်ဖြတ်ခံခဲ့ရကြောင်း ကြားသိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် မငြိမ်းအိကို အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ မတ် ၁၄ ရက်ညပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်း သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။