close

ဘုတလင်မြို့တွင် PDF အဖွဲ့က အသံဗုံးများဖြင့် ဖောက်ခွဲသတိပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က အထက်တန်းကျောင်းတကျောင်းကို မတ် ၁၆ ရက် မနက်ပိုင်းက အသံဗုံးတွေနဲ့ ပစ်ခတ်ဖောက်ခွဲ သတိပေးခဲ့တယ်လို့ ဘုတလင် PDF အဖွဲ့က ပြောပါတယ်။
အဲဒီကျောင်းမှာ စစ်ကောင်စီရဲ့‌ လက်အောက်ခံ NON-CDM တွေနဲ့ ဝန်ထမ်းသားသမီးတွေ၊ အားပေးထောက်ခံတဲ့ သူတွေရဲ့ သားသမီးတွေ စုပေါင်းပြီး အလယ်တန်းအဆင့် စာမေးပွဲ ဖြေမယ်လို့ သတင်းအတိအကျ ရတာကြောင့် အသံဗုံးတွေနဲ့ ဖောက်ခွဲသတိပေးခဲ့တာလို့ ဘုတလင်နယ်မြေခံ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။
“သူတို့တတွေက အခွင့်ထူးခံဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ အခုဟာက အသိပေး၊ သတိပေးအဆင့်ပဲ ဖြစ်သေးတယ်။ နောက်ထပ် ဆက်လက်ပြီး စစ်ကောင်စီယန္တရား လည်ပတ်အောင် ဆောင်ရွက်ပါက အသက်အန္တရာယ်ကို အာမ မခံနိုင်ဘူး။ ကျနော်တို့ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမယ်ဗျ။”
အထကကျောင်းဝင်းအတွင်း အသံဗုံးတွေနဲ့ ဖောက်ခွဲတာကြောင့် ထိခိုက်ဒဏ်ရာရ ပျက်စီးတာတွေတော့ မရှိဘူးလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် NON-CDM ဆရာ၊ ဆရာမတွေဟာ စာမေးပွဲအခန်းစောင့် မလုပ်ချင်တာကြောင့် မတ် ၁၇ ရက်နေ့က မြို့နယ်ပညာရေးမှူးရုံးသွားပြီး ပညာရေးမှူးကို လာဘ်ထိုးတာတွေ ပြုလုပ်နေကြတယ်လို့ ဆရာဆရာမ အသိုက်အဝန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ် ဘုတလင်မြို့ပေါ်မှာ သေနတ်တွေ ပစ်ဖောက်ကာ လုံခြုံရေးယူ ကင်းလှည့်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up