ကော့ကရိတ်မြို့နယ်၌ ဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက ပစ်ခတ်ခဲ့သဖြင့် လူ ၃ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ ဘဲစုရပ်နယ်မြေ ၁၀၊ မွန်ထော်လိုလမ်း တံတားဖြူအနီးက နေအိမ်ကို မတ် ၁၇ ရက် ည ၇ နာရီလောက်က ဆိုင်ကယ်မောင်းလာတဲ့ သေနတ်သမား ၂ ဦးကရောက်လာပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အိမ်ရှင်ဖြစ်သူ မိထော်မွန် နေအိမ်မှာရှိနေစဉ် သေနတ်သမား ၂ ဦးက သေနတ်နဲ့ပစ်ခတ်ပြီး ဓာတ်ဆီလောင်း မီးရှိ့နေစဉ် သမီးဖြစ်သူကတွေ့ရှိပြီး ထွက်ပြေးအကူအညီတောင်းခဲ့ရာ အကူအညီပေးဖို့လာရောက်ခဲ့တဲ့ အိမ်နီးချင်းဖြစ်သူ ဉီးရွှေအိုးနဲ့ ဇနီးသူ ဒေါ်မြင့်ကိုပါ ထပ်မံပစ်ခတ်ခဲ့တာပါ။
အဆိုပါ ပစ်ခတ်မှုကြောင့် အိမ်ရှင်ဖြစ်သူ မိထော်မွန် (အသက်၃၂) နှစ်၊ ဦးရွှေအိုး (အသက်၅၉)နှစ် နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး ဒေါ်မြင့်(အသက်၅၉)နှစ်ကတော့ တရနာကျေးရွာဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။
ကော့ဘိန်းကျေးရွာသားတစ်ဦးက” ဘယ်လို့အကြောင်းကိစ္စဆိုတာတော့ သေသေချာမသိဘူး။ အခုဖြစ်စဉ်မှာ ပြောရရင်တော့ တရားဥပဒေစိုးမိုးမှု မရှိတာလည်းပါတယ်။ ဒါက လက်တွေ့ပဲ။ ပြည်သူတွေက ဘယ်သူ အားကိုးရမလဲ”လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကော့ဘိန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ နယ်မြေ ရဲစခန်းက စုံစမ်းစစ်ဆေး ဆောင်ရွက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။