ရေးမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်၊ ဆွေမျိုးများကို ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မိုးအေးရဲ့ နေအိမ်ကို စစ်ကောင်စီက မတ် ၁၈ ရက်နေ့မှာ ချိတ်ပိတ်လိုက်ပြီးတဲ့ သူ့ရဲ့ ညီဖြစ်သူနဲ့ တူဖြစ်သူအပါအဝင် ဆွေမျိုးတော်စပ်သူတွေကိုပါ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဦးကျော်မိုးအေးရဲ့ညီဖြစ်သူ ကိုဇော်မိုးအေးနဲ့ သားဖြစ်သူ တက္ကသိုလ်ကျောင်းသားတဦးဟာ အရင်က ဖမ်းဆီးခံခဲ့ရဖူးပြီး လွတ်ငြိမ်းခွင့်မှာ ပြန်လည်လွတ်မြောက်လာပြီးမှ အခု ထပ်မံ ဖမ်းဆီးလိုက်ရတာလို့ ဆွေမျိုး တော်စပ်သူက ပြောပါတယ်။
ဦးကျော်မိုးအေးဟာ PDF နဲ့ ပတ်သက်ဆက်နွှယ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ လာရောက် ချိတ်ပိတ်လိုက်တာပါ။
စစ်ကောင်စီက ဦးကျော်မိုးအေးရဲ့ နေအိမ်တွေကို ချိတ်လိုက်ပိတ်နေတာ အခုအိမ်နဲ့ပါဆိုရင် နေအိမ် ၂ လုံးရှိသွားပြီဖြစ်ပါတယ်။ ဦးကျော်မိုးအေးကတော့ စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ခံရပြီးတဲ့နောက် မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီက အန်အယ်လ်ဒီပါတီဝင်တွေရဲ့ အမာခံနေအိမ်တွေ၊ ပါတီ လွှတ်တော်အမတ်တွေရဲ့ နေအိမ်တွေအပါအဝင် မွန်ပြည်နယ်အတွင်းမှာ လူနေအိမ် ၁ ဒါဇင် လောက် ချိတ်ပိတ်ခံထားပြီး ဖမ်းဆီးခံထားရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း အများအပြားရှိနေပါတယ်။