ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က ရွာမီးရှို့၊ ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်






စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မတ်လ ၁၉ ရက် ဒီနေ့မနက် ၉ နာရီလောက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မီးရှို့ခံခဲ့ရတာဟာ ဘန့်ဘွေးရွာမကျေးရွာရဲ့ အနောက်ပိုင်းမှာရှိတဲ့နေအိမ်တွေဖြစ်ပြီး ဦးပေါဌေး၊ ဦးမြင့်မောင်၊ဦးစုကြည်၊ ဦးအောင်လွင်ဌေးနဲ့ ဦးပေါရှိတို့ရဲ့နေအိမ်တွေအပါအဝင် တခြားအဆောက်အဦးတွေပါ မီးလောင်ကျွမ်းသွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကလည်း ထန်းဇင်ကျေးရွာကနေအိမ်တချို့ကို မီးရှို့ခဲ့ကြသလို ဒီနေ့လည်း ဘန့်ဘွေးရွာမကျေးရွာနေ ပြည်သူတွေရဲ့နေအိမ်တွေကို သက်သက်မဲ့ မီးရှို့ဖျက်ဆီးနေတာလို့ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့ရက်ပိုင်းတွေကလည်း အနီးနားမှာရှိတဲ့ ကျေးရွာနေ မိသားစု ၂၀ ကျော်လောက်ရဲ့ နေအိမ်တွေအပါအဝင် တခြားအဆောက်အဦးတွေပါ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်မွေးတိရိစ္ဆာန်တွေ မီးလောင်တဲ့ထဲပါသွားခဲ့တဲ့အပြင် ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့ကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ ၁၀ ကြိမ်ထက်မနည်း တပ်စွဲနေထိုင်ခဲ့ကာ လက်ရှိအချိန်ထိ အဲဒီကျေးရွာအတွင်းမှာရှိနေသေးတာကြောင့် အနီးနားက ကျေးရွာနေပြည်သူတွေဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။
ပုလဲမြို့နယ်၊ ကိုင်းတွင်းကျေးရွာမှာတော့ မတ်လ ၁၈ ရက် မနေ့ညနေ ၆ နာရီ လောက်က စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမဖြစ်ခင် စစ်ကောင်စီတပ်က ကိုင်းတွင်းရွာကို အရင်ဆုံး မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြောက်ကျားတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ကျားသစ်နက်အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုဖိုးသားက “ဒီကောင်တွေ မီးရှို့လို့ ကိုင်းတွင်းရွာက နေအိမ်အလုံး ၂၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်။ အဲဒီလို လုပ်တော့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေက မခံနိုင်လို့ မနေ့ ညနေ ၆ နာရီကစပြီး တိုက်ခိုက်တယ်။ တိုက်ပွဲ ပြင်းထန်တယ်။ အကျဆုံးကတော့ စစ်တပ်ဘက်က စနိုက်ပါကိုင်တဲ့သူ တစ်ယောက်ကျတယ်။ ဒဏ်ရာရသူတွေလည်း များမယ်ဗျ။ ကျနော်တို့ ဘက်ကတော့ အကျဆုံး မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ကျားသစ်နက်အဖွဲ့ကဦးဆောင်တိုက်ခိုက်ခဲ့ကာ မဟာမိတ်တပ်တွေဖြစ်တဲ့ PPDF၊ ဖီနစ်၊ MVRS ၊PPDG၊ ဒေါင်းနက် ၊ PRAအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေး တပ်တွေဆီက နေသိရပါတယ်။