ရေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ၊ ကျုံလောင်းရွာဟောင်းလမ်းဘက်မှာ မတ် ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ဒေသခံတယောက် သေဆုံးခဲ့ပြီး နှစ်ယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝယ်ပေါင်ရွာထိပ်မှာရှိတဲ့ နိုင်ထွေးဆီဆိုင်အနီးနားမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးရမိတဲ့အထဲမှာ ရေးမြို့နယ် ပရဟိတ အဖွဲ့ခေါင်းဆောင် မောင်အောင်ခန့်ဟိန်းလည်းပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပရဟိတအဖွဲ့ခေါင်းဆောင် မောင်အောင်ခန့်ဟိန်း ဖမ်းဆီးရမိတာ ဟုတ်ပါတယ်။ သူ့ရဲ့ နောက်ဆုံး အခြေနေတွေကို မသိရသေးဘူး။”လို့ ဒေသခံ တဦးက ပြောပါတယ်။
PDF နဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့သူကို စစ်ကောင်စီတပ်က အဆိုပါ နေရာမှာ ကင်းပုန်းဝပ်ပြီးနောက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူနဲ့ပတ်သက်လို့ အတိအကျမသိရသေးဘဲ လောလောဆယ်တော့ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေ၊ တယ်လီဖုန်းနဲ့ အဆက်အသွယ်လုပ်ထားသူတွေ ရှောင်တိမ်းနေကြဖို့ သူတို့နဲ့ နီးစပ်တဲ့သူတွေက အသိပေးထားပါတယ်။
အဆိုပါ ဖမ်းဆီးခံရတဲ့သူတွေနဲ့ သေနတ်ထိမှန် သေဆုံးသူတွေရဲ့ အခြေနေတွေနဲ့ ပက်သက်ပြီး စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပါဘူး။