close

မတ္တရာအရှေ့ခြမ်းကို စစ်ကောင်စီတပ် အင်အားသုံးဝင်ရောက်ရှာဖွေ၊ နေအိမ်များကို မီးရှို့

မန္တလေးတိုင်း၊ မတ္တရာအရှေ့ခြမ်းနယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့အတူ အင်အားသုံးကာ လှည့်လည် ဖမ်းဆီးစစ်ဆေးနေပြီး ကျေးရွာတချို့က နေအိမ်တွေကို မီးတင်ရှို့နေတယ်လို့ နယ်ခံတွေက ပြောပါတယ်။

မတ္တရာ အရှေ့ခြမ်းနယ်က ကင်းကျေးရွာ၊ သဖန်းကိုင်းကျေးရွာ၊ ကျောက်ဆည်လေး၊ အုတ်ဖို၊ မဟာမြိုင်၊ သန်းကုန်း၊ ကုန်းလွတ် စတဲ့ ကျေးရွာတွေကို လူစုခွဲကာ ဝင်ရောက်ရှာဖွေနေတယ်လို့ သိရပါတယ်။ 

အဆိုပါကျေးရွာတွေ တဝိုက်မှာလည်း ကင်းပုန်းဝပ်လှုပ်ရှားနေသလို ဒေသခံတွေကိုလည်း အတင်းအဓမ္မဖမ်းဆီးတာ၊ ဖမ်းဆီးခံထားရသူတွေကို ရိုက်နှက်မခံရဖို့ ငွေကြေးတောင်းယူတာ၊ ရွှေ၊ငွေ၊ ဖုန်းနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နယ်ခံတဦးက “လူတွေလည်း တွေ့တဲ့လူတွေအကုန်ဖမ်း၊ နောက်ပြီးကျ စခန်းလိုက်ပြီး မရိုက်မနှက်အောင်လို့ ပေးရတဲ့သဘော၊ ကမ်းရတဲ့ သဘောပေါ့၊ ရွေးရတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့လေ။ အပြစ်မရှိတဲ့လူတွေကို ဖမ်းလိုက်လွှတ်လိုက်၊ ဖမ်းလိုက်လွှတ်လိုက်နဲ့ပေါ့လေ၊ အဲ့လိုတွေ ဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်ကြောင်း စတင်ထိုးချိန်ကနေ ဒီနေ့အထိ ကျေးရွာ ၃ ခုက မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် စုစုပေါင်း ၁၄ လုံးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၄ ရက်နေ့က စတင်ကာ ဒီကနေ့အထိ စစ်ကား ၆ စီး၊ အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုး လှုပ်ရှားနေတာဖြစ်ပြီး စစ်ကော်စီတပ်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေကတော့ တိမ်းရှောင်လိုက်၊ ပြန်လာလိုက်နဲ့ နေကြရတယ်လို့  နယ်ခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up