ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ်ကို ကျော်ပြီး မန်စီးတီး ရပ်တည်

တနှစ်တာအတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းအဖြစ် မန်စီးတီးအသင်းက ထိပ်ဆုံး မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်ထုတ်ပြန်ချက်မှာ အဆင့် ၆ နေရာ ရပ်တည်နိုင်ခဲ့ပေမယ့် ဝင်ငွေ ၁၇ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့ပြီး အခုနှစ်အတွက် ထုတ်ပြန်ချက်မှာ အဆင့် ၁ နေရာ ရပ်တည်နိုင်ခဲ့တာပါ။
ဝင်ငွေ အကောင်းဆုံးအသင်းတွေ သတ်မှတ်ရာမှာ စာရင်းအင်းကုမ္ပဏီဖြစ်တဲ့ Deloitte က တနှစ်တာအတွင်းရရှိတဲ့ ဝင်ငွေအရပ်ရပ်ကို စာရင်းပြုစုပြီး Deloitte Football Money League အမည်နဲ့ နှစ်စဉ် ထုတ်ပြန်ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ဝင်ငွေ ပေါင် ၅၇၁ သန်းရရှိခဲ့ပြီး ပေါင် ၅၃၇ သန်းရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်နောက်မှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ မန်ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အသင်းတွေက အစဉ်လိုက်ရပ်တည်ပါတယ်။
တနှစ်အတွင်း ဝင်ငွေအကောင်းဆုံးထိပ်ဆုံး ၁ဝ သင်းမှာ ပရီးမီးယားလိဂ်က ၅ သင်းပါဝင်ပြီး လီဗာပူးက အဆင့် ၇၊ ချဲလ်ဆီးက အဆင့် ၈၊ စပါးအသင်းက အဆင့် ၁၀ နေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။ အဆင့် ၉ နေရာမှာ အီတလီကလပ် ဂျူဗင်တပ်အသင်းက ရပ်တည်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ကိုဗစ်ရောဂါပျံ့နှံ့မူတွေကြောင့် တခြားလိဂ်က အသင်းတွေ ဝင်ငွေအများဆုံး ထိခိုက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေကတော့ ရုပ်သံနဲ့ စပွန်ဆာစာချုပ်တွေကနေ ဝင်ငွေ ပိုရခဲ့တာဖြစ်ပါတယ်။
အနာဂတ်မှာလည်း ပရီမီးယားလိဂ်ကလပ်တွေကပဲ ဝင်ငွေပိုကောင်းနိုင်တယ်လို့ Deloitte အားကစားဆိုင်ရာ စီးပွာရေးအကြီးအကဲ ဒမ်ဂျုံးစ်က မှတ်ချက်ပေးခဲ့ပါတယ်။