close

ဧရာဝတီတိုင်းတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုများပြုလုပ်

ဧရာဝတီတိုင်းမှာ မုန်တိုင်းငယ် ဝင်ရောက်တိုက်ခတ်မယ်လို့ ကြေညာထားတဲ့ အတွက်  မီးသတ်တပ်ဖွဲ့က မတ်လ ၂၀ ရက် မနေ့  ညနေပိုင်းက စတင်ကာ မုန်တိုင်းအန္တရာယ် ကာကွယ်တားဆီးဖို့  ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တာကြောင့် မုန်တိုင်းအရှိန်ကြောင့် ထူးကဲဒီရေတက်လာနိုင်သလို ပင်လယ်ထဲ ငါးဖမ်းမထွက်ဖို့နဲ့ အနိမ့်ပိုင်းနေရာတွေမှာ မနေထိုင်ကြဖို့ သတိပေးတာတွေ လိုက်လံ ကြေညာခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

“မုန်တိုင်းဝင်မယ် သတိထားဖို့ပေါ့။ ပြီးတော့ အနိမ့်ပိုင်းဒေသမှာ နေထိုင်သူတွေ သတိထားဖို့ ပင်လယ်ထဲ မထွက်ဖို့ အဲဒီလိုမျိုးတွေ လိုက်အော်တ”လို့ ဒေးဒရဲမြို့ခံတဦးက ပြောပါတယ်။

မုန်တိုင်းဝင်ရောက်စဥ် သဘာဝဘေးအန္တရာယ်ကြိုတင်ခံရမယ့် အနေအထားမျိုးရှိလာရင် ကယ်ဆယ်နိုင်ဖို့အတွက် ပရဟိတအသင်းအဖွဲ့တွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်တာတွေလည်း ပြုလုပ်နေကြပါတယ်။

ချောင်းသာ၊ ငွေသောင်ယံ ပင်လယ်ကမ်းခြေတွေ၊ ပုသိမ်၊ ဟင်္သာတ၊ မြန်အောင်၊  မော်လမြိုင်ကျွန်းအပါဝင် ဧရာဝတီတိုင်းအတွင်းက မီးသတ်တပ်ဖွဲ့တွေအနေနဲ့လည်း အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားတာ တွေ့ရသလို နေရာအနှံ့ ဒေသခံပြည်သူတွေ သတိထားဖို့ လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နာဂစ်မုန်တိုင်းဖြစ်ပွားပြီး ၁၃ နှစ်အကြာ ဧရာဝတီတိုင်းကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းက ပြည်သူတွေအနေနဲ့ မပေါ့ဆဖို့ မိုးလေဝသပညာရှင်တွေကလည်း သတိပေး ပြောဆိုထားပါတယ်။

မုန်တိုင်းငယ်ဟာ မတ်လ ၂၁ ရက် ဒီနေ့ နေ့လယ်ပိုင်း ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်တယ်၊ မတ်လ ၂၂ ရက် မနက်ဖြန်မနက်  ဟိုင်းကြီးကျွန်းအနီးကို ရောက်ရှိနိုင်ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ  အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မတ် ၂၃ ရက်မှာတော့  ရခိုင်ကမ်းရိုးတန်းကို ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲနဲ့ မအူပင် မြို့နယ်တွေမှာ မနေ့ကလည်းက မိုးတွေရွာသွန်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up