တရုတ်က ယူကရိန်းကို လူသားချင်းစာနာမှုအကူအညီ ယွမ်ငွေ ၁၀ သန်း ထပ်မံပေးအပ်မည်

တရုတ်ကြက်ခြေနီအသင်းက ယူကရိန်းနိုင်ငံဆီကို လူသားချင်းစာနာမှု အထောက်အပံ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇ သန်းဖိုး နဲ့ ညီမျှတဲ့ ယွမ်ငွေ ဆယ်သန်း ထပ်မံပေးအပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က သတင်းထောက်တွေကို မတ် ၂၁ရက်မှာ ပြောပါတယ်။
တကယ်လို့ တရုတ်အစိုးရက ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်မှာ ရုရှားကို ပစ္စည်း ထောက်ပံ့ခဲ့ရင် အကျိုးဆက်တွေ ရှိလာမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မတ် ၁၈ ရက်က သတိပေးအပြီး ရက်ပိုင်းအတွင်း ဝမ်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ကတိပြုလိုက်တာပါ။
တရုတ်ဟာ ယူကရိန်းကို ဒီလအစောပိုင်းက ယွမ်ငွေ ငါးသန်း ရဲ့ အစိတ်အပိုင်းအနေနဲ့ အကူအညီတွေ ပေးမယ်လို့ ကတိပြုထားပြီး အခုလို ထပ်တိုးကတိပြုလိုက်တာလည်း ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာ ခုဆိုရင် သီတင်းပတ် လေးပတ်ထဲ ရောက်နေပါပြီ။
ဒါပေမယ့် ရုရှားဟာ ယူကရိန်းရဲ့ အဓိကမြို့ကြီး တမြို့ကိုမှ မသိမ်းပိုက်နိုင်သေးသလို သမ္မတ ဇလန်းစကီးရဲ့ အစိုးရကိုလည်း အမြန် ဖြုတ်မချ နိုင်သေးပါဘူး။
ဒါပေမယ့် ရုရှားဟာ လူနေဧရိယာတွေကိုလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးနေပါတယ်။