ယူကရိန်း မျိုးဆက်သစ်များ ခုခံစစ်ဆင်နွှဲရန် စစ်သင်တန်းတက်

ယူကရိန်းနိုင်ငံ မြို့ကြီးတွေကို စစ်ပွဲက ရောက်ရှိလာချိန်မှာတော့ ပျော်ပျော်ပါးပါး အေးအေးလူလူ နေခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်တွေဟာ ရုရှားတွေကို ခုခံတိုက်ခိုက်ဖို့ စစ်သင်တန်းတွေ တက်နေကြပါတယ်။
တချို့က ချစ်သူစုံတွဲဖြစ်ပြီး နိုင်ငံကိုကာကွယ်ဖို့ စိတ်တူကိုယ်တူ သင်တန်းတက်နေတာပါ။
ယူကရိန်းတောင်ဘက် အိုဒက်ဆာမြို့က စစ်သင်တန်းကျောင်းမှာ မြို့ပြပညာတတ်လူငယ်တွေ အသက်မွေးဝမ်းအလုပ်အကိုင်တွေ စွန့်ပစ်ပြီး စစ်ထဲပါဝင်ဖို့ ဆုံးဖြတ်ကြပါတယ်။
တချို့က စစ်မြေပြင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဒဏ်ရာရသူတွေကိုပြုစုမှုတွေမှာ ဝင်ရောက်လုပ်ဆောင်မှာပါ။
အသက် ၂၆ နှစ်အရွယ် ဂရပ်ဖစ်ဒီဇိုင်းနာ အိုလ်ဂါ မော်ရိုဇ်က သူ့ရဲ့ချစ်သူကောင်လေး အရောင်းမန်နေဂျာ မက်ဆီယမ် ယာဗ်တူရှန်ကိုနဲ့အတူ စစ်သင်တန်းမှာ တက်နေရောက်နေပါတယ်။
“အခုအချိန် ကျန်းမာသန်စွမ်းသူတိုင်း ရန်သူကို ဘယ်လို တိုက်ရမယ်၊ ဆွေမျိုးသားချင်းတွေနဲ့ တခြားသူတွေကို ပြုစုဖို့ ကျန်းမာရေးသင်တန်းတွေ ယူထားရမယ်” လို့ အိုလ်ဂါ မော်ရိုဇ်က ပြောပါတယ်။
သူတို့စုံတွဲက လာမယ့်နွေမှာ လက်ထပ်ဖို့ စီစဉ်ထားတာပေမဲ့ အခုတော့ နေ့စဉ် လူ ၁၅၀ လောက်ကို စစ်သင်တန်း လျှို့ဝှက်ပေးနေတဲ့ စခန်းကို ရောက်လာတာပါ။
ရုရှားတပ်တွေ မြို့ကို နောက်ဆုံး ရောက်လာရင် ပြန်လည်တိုက်ခိုက်သွားမယ့် နည်းပေါင်းစုံကို ရက်တိုအတွင်း သင်ယူနေပါတယ်။