ပခုက္ကူမြို့နယ်၌ စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ရေနံမှော်လုပ်သား ၁ ဦးကို စစ်တပ်က ပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဆိက္ခဝရွာနဲ့ တန့်ကြည့်တောင်လမ်းခွဲမှာ မတ် ၂၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်လောက် သေဆုံးခဲ့တယ်လို့ Y3 မြေအောက်တော်လှန်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဖောက်ခွဲတိုက်ခိုက်ပြီး မိနစ်အနည်ငယ်အကြာမှာ ဆိက္ခဝ ရေနံမှော်ကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့ အပြစ်မဲ့ ပြည်သူတစ်ယောက်ကို စစ်ကောင်စီတပ်သားတွေက စစ်ဆေးမေးမြန်းမှုမရှိဘဲ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ Y3 မြေအောက်တော်လှန်ရေးအဖွဲ့က ရဲဘော်တွေ အထိအခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဆိက္ခဝကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ပြည်သူလူထုကို အနိုင်ကျင့်ဒုက္ခပေးနေတာတွေ ရပ်တန့်ဖို့နဲ့ မရပ်တန့်ပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။
Y3 မြေအောက် တော်လှန်ရေးအဖွဲ့အနေနဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ စစ်ကောင်စီဘက်တော်သားတွေနဲ့ နီးကပ်တဲနေရာတွေကို မသွားလာကြဖို့ သတိပေးထားပါတယ်။
မနေ့ နေ့လယ်ကလည်း ပခုက္ကူမြို့နယ် ဂဝံလေးတိုင် ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ လောက်ကို ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၆ ယောက်လောက် သေဆုံးခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။