close

ကိုဗစ်ကူးစက်မှုလျော့လာပါက ခရီးသွားကန့်သတ်ချက်အားလုံး ဇွန်လမှစတင်၍ ထိုင်းဖယ်ရှားမည်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ လျော့ကျလာခဲ့ပါက လာမယ့် ဇွန် ၁ ရက်က စတင်ကာ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားသွားဖို့ ရှိနေတယ်လို့ ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။

လာမယ့် ဧပြီလထဲမှာ ကျင်းပဖို့ ရှိနေတဲ့ ဆုန်ခရန်သင်္ကြန်ပွဲတော်ကာလမှာ ရောဂါကူးစက်မှုနှုန်းတွေ တိုးမလာခဲ့ဘူးဆိုရင်တော့ ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးစင်တာ (စီစီအက်စ်အေ)နဲ့ အစိုးရအဖွဲ့ဆီ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ဝင်ရောက်ခွင့်တွေအတွက် စည်းကမ်းတင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့နိုင်ဖို့ တင်ပြသွားမယ်လို့ ဝန်ကြီး ဖိဖက်ထ် ရတ်ချာကစ် ပရာကန်က ပြောပါတယ်။

“အစိုးရက ခွင့်ပြုတယ်ဆိုရင်တော့ လာမယ့်ကာလမှာ ဒီအခြေအနေက တိုးတက်သွားဖို့ ရှိနေပြီး ဇွန် ၁ ရက်ကနေ စတင်ပြီးတော့ ဝန်ကြီးဌာနက ခရီးသွားကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားသွားနိုင်မှာ ဖြစ်တယ်။”

ဒီအစီအစဉ်အောက်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးနှံပြီးသူ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံတွင်း လွတ်လွတ်လပ်လပ် ဝင်ရောက်လာနိုင်မယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ခရီးသွားဧည့်သည်တွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစတင်ကာ Test & Go အစီအစဉ်နဲ့ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိရမှ ဆက်လက်လည်ပတ်ခွင့်ပြုမယ့် အစီအစဉ်ကို ထားရှိဖို့ လိုအပ်တော့မှာ မဟုတ်ပါဘူး။

ခုလို ခရီးသွားလုပ်ငန်းကန့်သတ်ချက်တွေကို ပြောင်းလဲနိုင်မယ်ဆိုရင်တော့ နိုင်ငံ့စီးပွားရေးကို လှုံ့ဆော်ပေးနိုင်မှာဖြစ်ပြီး တပြိုင်တည်းမှာပဲ လာမယ့် ဇူလိုင်လထဲမှာ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကို ကပ်ရောဂါအဆင့်ကနေ ပယ်ဖျက်တဲ့ ပေါ်လစီအောက်မှာလည်း ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (ဒီဒီစီ) က လာမယ့်   ဆုန်ခရန် သင်္ကြန်ပွဲတော်ကာလအထိ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ၁ သိန်းထိ အဆိုးဝါးဆုံးအခြေအနေမှာ ရှိလာနိုင်တယ်လို့  ခန့်မှန်းထားတာပါ။

လာမယ့် သီတင်းပတ်တွေထဲမှာ ရောဂါကူးစက်မှုအဆင့်တွေ လျော့ကျလာမလား၊ ဒါမှမဟုတ် ပြင်းထန်လာမလားဆိုတာကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်မှုတွေ ဘယ်လို တင်းကျပ်ချမှတ်ထားမလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ဒီဒီစီက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up