close

ဝေါ့တ်ဒစ္စနေးကုမ္ပဏီကို ဝန်ထမ်းများ ကန့်ကွက်ဆန္ဒပြ

ဝေါ့တ်ဒစ္စနေးကုမ္ပဏီ ဝန်ထမ်းတွေဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတရပ်အပေါ် ကုမ္ပဏီရဲ့ရပ်တည်ချက်နဲ့ ပတ်သက်လို့ မတ်လ ၂၂ ရက်က ကန့်ကွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
လိင်စိတ်တိမ်းညွှတ်မှု ဒါမှမဟုတ် ကျား၊ မ ကွဲပြားမှုနဲ့ ပတ်သက်ပြီး စာသင်ခန်းထဲမှာ ဆွေးနွေးမယ့်ကိစ္စကို ကန့်သတ်ဖို့ ဖလော်ရီဒါပြည်နယ်မှာ ဥပဒေပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒါကို ဝေါ့တ်ဒစ္စနေးကုမ္ပဏီက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒစ္စနေးရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အကြီးအကျယ် ဝေဖန်ခံနေရပြီး လော့စ်အိန်ဂျလိစ်မြို့ပြင်က ပန်းခြံတခုမှာ ဒစ်စနေးဝန်ထမ်း အယောက် ၆၀ လောက် စုဝေးခဲ့ကြကာ လိင်စိတ်ခံယူချက် ကွဲပြားတဲ့ ကလေးတွေကို ကာကွယ်ဖို့ ဒစ္စနေးကို ဆော်ဩတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
“လူအများအပြားက ဒစ္စနေးအတွက် အလုပ်လုပ်ရတာ ပျော်ကြတယ်။ သူတို့ချစ်တဲ့ ကုမ္ပဏီက ဖလော်ရီဒါက လူ့အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကို ထိခိုက်စေတဲ့အတွက် လူအများအပြားက စိတ်ပျက်ကြတယ်” လို့ ဒစ္စနေး ရုပ်သံနည်းပညာ ဒါရိုက်တာ တေလာဝှိုက်က ပြောပါတယ်။
အင်္ဂါနေ့မှာတော့ ဝန်ထမ်းတချို့ဟာ အနားက ဒစ္စနေး စတူဒီယိုဝင်း ပတ်လည်မှာ ဆန္ဒပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဝန်ထမ်းအများအပြား အိမ်ကနေ အလုပ်လုပ်နေတဲ့အတွက် ဝန်ထမ်း ၁၆,၀၀၀ ရှိတဲ့ ဒစ္စနေးအတွက် ဆန္ဒပြဝန်ထမ်းဦးရေက အသင့်အတင့်သာ ရှိပါတယ်။
ဝန်ထမ်းတချို့ကတော့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ဆန္ဒပြတာပါ။ ဖလော်ရီဒါဥပဒေကို ထောက်ခံတဲ့ နိုင်ငံရေးသမားတွေအတွက် မဲဆွယ်ပွဲမှာ ပံ့ပိုးကူညီတာ ရပ်ဖို့နဲ့ ဝန်ထမ်းတွေကို ဒီဥပဒေကနေ ကာကွယ်ပေးမယ့် အစီအစဉ်တွေ ရေးဆွဲဖို့ ဆန္ဒပြပွဲကို စီစဉ်သူတွေက ဒစ္စနေးကို တောင်းဆိုခဲ့ပါတယ်။
ဇူလိုင် ၁ ရက်မှာ အသက်ဝင်မယ့် ဒီဥပဒေကို ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူးက ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်တဲ့အထိ ပြည်နယ်အတွင်း အထင်ကရ Walt Disney World ပန်းခြံ ဆောက်လုပ်မှု ရပ်ထားဖို့ကိုလည်း ဆော်ဩထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up