“အနားယူလိုက်မယ်ဆိုရင် အကြီးမားဆုံးဝမ်းနည်းမယ့်သူတွေက ပရိသတ်တွေ ဖြစ်ပါလိမ့်မယ်” – အီဗရာဟီမိုဗစ်

ကစားသမားဘဝကနေ အနားယူလိုက်မယ်ဆိုရင် ပရိသတ်တွေအတွက် ပိုပြီးဝမ်းနည်းစရာကောင်းလိမ့်မယ်လို့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကပြောပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ အသက် ၄၀ ကျော်ရှိလာပြီဖြစ်ပေမယ့် စီးရီးအေကလပ် အေစီမီလန်မှာ ခြေစွမ်းပြသနေဆဲဖြစ်ပါတယ်။
မိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်အတွက် ၁၅ ဂိုးသွင်းခဲ့သလို အခုနှစ်ရာသီမှာလည်း စီးရီးအေမှာ ၈ ဂိုးသွင်းယူထားပါတယ်။
ကစားသမားဘဝကနေ အနားယူရမှာကို ထိတ်လန့်နေသေးလို့ ကစားနိုင်သမျှ ဆက်ပြီး ကစားသွားဦးမယ်လို့ မိုဗစ်ကပြောပါတယ်။
ကစားသမားဘဝကနေ အနားယူလိုက်မယ်ဆိုရင် ထူးဆန်းတဲ့ ခံစားမှုဖြစ်သွားနိုင်ပေမယ့် ပရိသတ်တွေအတွက်က ပိုပြီးဝမ်းနည်းစရာဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
“ကျနော်အနားယူလိုက်မယ်ဆိုရင် အကြီးမားဆုံးဝမ်းနည်းမယ့်သူတွေက ပရိသတ်တွေဖြစ်ပါလိမ့်မယ်။ ကျနော်ကစားတာကို ထပ်ပြီး ကြည့်ရူနိုင်တော့မှာမဟုတ်ဘူး။ အနားယူလိုက်ရင် ကျနော့်ကို ထပ်ပြီးမြင်တွေ့ခွင့်ရှိတော့မှာမဟုတ်တဲ့အတွက် ဒီလိုအချိန်ရခိုက်မှာ ကျနော့်ကို ပျော်ရွှင်စွာအားပေးသင့်တယ်” လို့ အီဗရာဟီမိုဗစ်က ပြောပါတယ်။
အီဗရာဟီမိုဗစ်ဟာ ၁၉၉၉ ခုနှစ်က ဆွီဒင်ကလပ် မယ်လ်မိုကနေ ကစားသမားဘဝစတင်ခဲ့ပြီး အေဂျက်ဇ်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ပီအက်စ်ဂျီ၊ မန်ယူနိုက်တက်နဲ့ မေဂျာလိဂ်ကလပ်တွေမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။