၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုတံဆိပ် ခိုးယူခံရသည့်ထဲ ပါသွားဟု ပေါ့ဘာ အသိပေး

၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုတံဆိပ်ဟာ ခိုးယူခံရတဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ခဲ့တယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဘာက အသိပေးသွားပါတယ်။
ပေါ့ဘာဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားနေစဉ်မှာ မန်ချက်စတာမှာရှိတဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရပြီး တန်ဖိုးကြီးပစ္စည်းတွေ ပါသွားခဲ့တာပါ။
အဲဒီလို ဖောက်ထွင်းခံရချိန် နေအိမ်ထဲမှာ ပေါ့ဘာရဲ့ ကလေးငယ်နှစ်ဦးနဲ့ ကလေးထိန်းတဦးတို့သာ ရှိနေချိန်ပါ။ ကလေးထိန်းက ကလေးတွေနဲ့အတူ အခန်းထဲမှာ လော့ခ်ချပြီး နေခဲ့လို့ ထိခိုက်မှု တစုံတရာ မရှိခဲ့ပေမယ့် လက်ဝတ်ရတနာတွေနဲ့ ဆုတံဆိပ်တချို့ ပါသွားခဲ့ပါတယ်။
ခိုးယူခံလိုက်ရတဲ့အထဲမှာ ကမ္ဘာ့ဖလား ချန်ပီယံဆုတံဆိပ် ပါသွားသလို မိခင်ဖြစ်သူရဲ့ လက်ဝတ်ရတနာတွေလည်း ပါဝင်ခဲ့ပေမယ့် ကလေးနှစ်ယောက် ထိခိုက်မှုမရှိခဲ့တာက ပိုပြီး အဓိကကျကြောင်း ပေါ့ဘာက ပြောပါတယ်။
ဒါပေမယ့် ဆုတံဆိပ်တွေကို တွေ့ရှိခဲ့မယ်ဆိုရင်တော့ ပြန်လည်ပေးအပ်ဖို့နဲ့ အဲဒီအတွက် ငွေကြေး ပြန်လည်ပေးသွားမယ်လို့လည်း ပေါ့ဘာက တောင်းဆိုခဲ့ပါတယ်။
ပေါ့ဘာဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီး ဗိုလ်လုပွဲမှာ ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။