ဆာလက်ကို တနှစ်ပေါင် ၁ဝ သန်းပေး ခေါ်ယူရန် ဂျူဗင်တပ်အသင်း ကြိုးပမ်းမည်

အီတလီထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ လီဗာပူးတိုက်စစ်မှူး ဆာလက်ကို တနှစ်လုပ်ခ ပေါင် ၁ဝ သန်းပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။
ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှူး ဒီဘားလားကို စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘဲ ထွက်ခွာခွင့်ပြုမှာဖြစ်လို့ ဆာလက်ကို အစားထိုး ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။
အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးအသင်းနဲ့ သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေဆဲဖြစ်ပြီး ဂျူဗင်တပ်အသင်းက အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကမ်းလှမ်းဖို့ စီစဉ်ထားတာပါ။
ဆာလက်ဟာ ၂၀၂၃ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရာသီအကုန်မှာ သက်တမ်းမတိုးနိုင်ခဲ့ပါက အလွတ်ပြောင်းရွှေ့ခွင့်ပြုရမှာပါ။
ဂျူဗင်တပ်ဘက်ကတော့ ကစားသမားအတွက် ငွေကြေးအရ မက်လုံးတခုအနေနဲ့ တနှစ်ကို ပေါင် ၁ဝ သန်း နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းသွားမယ်လို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။
ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှူး ဒီဘာလားအတွက် တနှစ်လုပ်ခပေါင် ၈.၅ သန်းပေးချေနေရပြီး သူ့ကို ထွက်ခွာခွင့်ပြုမှာဖြစ်လို့ ဆာလက်အတွက် လုပ်ခပေးချေဖို့ အရန်သင့်ရှိတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ဆာလက်ဟာ ၂၀၁၇ ခုနှစ်က စီးရီးအေကလပ် ရိုးမားကနေ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံအပါအဝင် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။