ဧရာဝတီတိုင်းတွင် စာသင်ကျောင်းနှင့် ကမ်းခြေများ ပြန်ဖွင့်




ဧရာဝတီတိုင်းမှာ မုန်တိုင်းကြောင့် ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေနဲ့ ကမ်းခြေတွေကို စစ်ကောင်စီက မတ်လ ၂၃ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
မုန်တိုင်းဘေးကြောင့် မတ် ၂၂ ရက်က စပိတ်ထားတဲ့ စာသင်ကျောင်းတွေကို မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားတာကြောင့် စစ်ကောင်စီက ပြန်ဖွင့်ခိုင်းခဲ့တာလို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။
ပညာရေးမှူးရုံးမှ ဝန်ထမ်းတဦးက “စာမေးပွဲဖြေဖို့ ကျန်တဲ့ ၂ ရက် ပြန်ဖြေခိုင်းတာ၊ ၂၅ နဲ့ ၂၆ ရက် ပြန်ဖြေရမယ်၊ မနေ့က ပြန်ပြီး တိုင်းက အကြောင်းကြားလာတာပါ” လို့ ပြောပါတယ်။
မုန်တိုင်းကြောင့် ကမ်းခြေမှာရှိတဲ့ ဧည့်သည်တွေကို ပြန်လွှတ်ပြီး ပိတ်ထားခဲ့တဲ့ ကမ်းခြေဒေသ ခရီးသွား ဝင်ရောက်ခွင့်ကိုလည်း ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ချောင်းသာဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့တော့ ဂိတ်ကနေ ကားတွေကို ဝင်ခွင့်ပြုလိုက်ပြီ၊ ဒါပေမဲ့ သိပ်တော့ မလာကြသေးဘူး။ ဒီအပတ် ရုံးပိတ်ရက်မှ လာတာများမယ် ထင်တယ်။”