ထိုင်ဝမ်တွင် ငလျင် ဆက်တိုက်လှုပ်ခတ်ပြီး လျှပ်စစ်မီးများ ပြတ်တောက်

ထိုင်ဝမ်နိုင်ငံ အရှေ့ပိုင်းတလွှားမှာ မတ် ၂၃ ရက် မနက်ပိုင်းက ငလျင်တွေ ဆက်တိုက်လှုပ်ခဲ့ပြီးနောက် မြေပြင်တုန်ခါမှုတွေက ဒေသခံတွေရဲ့ အသက်ကို ခြိမ်းခြောက်မယ့် အလားအလာထိ ရှိနေဆဲပဲလို့ ထိုင်ဝမ် မိုးလေဝသဌာနက ပြောပါတယ်။
ထိုင်ဝမ်အရှေ့ပိုင်းမှာ အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်တခုနဲ့ ရစ်ချ်တာစကေး ၅ အထက်ရှိ ငလျင် ငါးကြိမ် လှုပ်ခဲ့တယ်လို့ ထိုင်ဝမ် မိုးလေဝသအေဂျင်စီက ပြောပါတယ်။
ငလျင်ကြောင့် လူတဦး ဒဏ်ရာအနည်းငယ်ရပြီး ငလျင်ဒဏ် အတော်များများခံရတဲ့ ဒေသတွေမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်၊ ဟွားလျန်မြို့နယ်ထဲမှာ တံတားတစင်း ပြိုကျခဲ့တယ်လို့ ဒေသခံ မီးသတ်အရာရှိတွေက ပြောပါတယ်။
နောက်ဆုံးလှုပ်ခဲ့တဲ့ အကြီးစား မြေပြင်တုန်ခါမှုက ညနေ ၅ နာရီ ၁၈ မိနစ်မှာ ဖြစ်ပြီး ရစ်ချ်တာစကေး ၄ အထိ ရှိခဲ့တယ်လို့ အေဂျင်စီက ဆိုပါတယ်။
ထိုက်တောင်မြို့နယ် ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခဲ့တဲ့ ငလျင်က အင်အားအပြင်းဆုံးဖြစ်ပြီး ရစ်ချ်တာစကေး ၆ ဒသမ ၆ ရှိတယ်လို့ တရုတ် ငလျင်ကွန်ရက်ဌာန (CENC) က ပြောပါတယ်။
ငလျင်ဗဟိုချက်ဟာ မြေအောက်အနက် ကီလိုမီတာ ၂၀ ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ CENC က ဆက်ပြောပါတယ်။