ယူကရိန်းစစ်ပွဲက စားနပ်ရိက္ခာ အစီအစဉ်များအပေါ် ခြိမ်းခြောက်နေဟု WFP သတိပေး

ယူကရိန်းနိုင်ငံဟာ ကမ္ဘာ့ပေါင်မုန့်ခြင်း အဖြစ်ကနေ ပေါင်မုန့်လိုအပ်သူ ဖြစ်သွားလို့ ယူကရိန်းစစ်ပွဲဟာ တကမ္ဘာလုံးက လူ ၁၂၅ သန်းကို ကျွေးဖို့ ကုလသမဂ္ဂအေဂျင်စီရဲ့ အားထုတ်မှုတွေကို ခြိမ်းခြောက်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မတ် ၂၉ ရက်မှာ သတိပေးလိုက်ပါတယ်။
WFP အမှုဆောင် ညွှန်ကြားရေးမှူး ဒေးဗစ်ဘီးစ်လေက “ယူကရိန်းစစ်ပွဲဟာ ယူကရိန်းနဲ့ ဒေသတွင်းကို အင်တိုက်အားတိုက် ချေမှုန်းရုံတင်မကဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့အရာတွေထက် ပိုပြီး ကမ္ဘာလုံးဆိုင်ရာအထိ ဆက်စပ်သက်ရောက်မှုတွေ ရှိပါလိမ့်မယ်” လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောပါတယ်။
ဆက်လက်ပြီး သူက “WFP ကဝယ်တဲ့ ကောက်ပဲသီးနှံ ၅၀ ရာခိုင်နှုန်းကို ယူကရိန်းကနေ ဝယ်တာဖြစ်လို့ ကျနော်တို့ လုပ်ငန်းလည်ပတ်မှုသက်သက် အတွက်မှာတောင် ဒီလောက်ဆိုရင် ခန့်မှန်းကြည့်နိုင်ပါတယ်” လို့လည်း ဆိုပါတယ်။
ဘဲလာရုစ်နိုင်ငံနဲ့ ရုရှားနိုင်ငံကလာတဲ့ မြေဩဇာတွေလည်း ဒဏ်ခတ်မှုကြောင့် မရနိုင်တဲ့အခါ အကျပ်အတည်းက ပေါင်းစပ်သွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
လာမယ့်လတွေမှာ ကောက်ပဲသီးနှံတွေကို မြေဩဇာမထည့်လို့ အထွက်နှုန်း ၅၀ ရာခိုင်နှုန်းထက်မနည်း ကျဆင်းလာလိမ့်မယ်၊ လာမယ့်လတွေမှာ ကပ်ဆိုးပေါ် ကပ်ဆိုးဆင့်သွားတာကို မြင်ရလိမ့်မယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
ရုရှားအစိုးရရဲ့ ယူကရိန်းအပေါ် လုပ်ရပ်ဟာ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်ထဲမှာ ပြင်းပြင်းထန်ထန် လှိုင်းထစေလိမ့်မယ်ဆိုတဲ့ စွဲချက်တွေကို ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက ပယ်ချပါတယ်။
အဲဒီအစား အနောက်နိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ်လို့ ဖြစ်တာလို့ တန်ပြန်ပြစ်တင်ခဲ့ပါတယ်။