မြိုင်မြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၅ ဦး သေ၊ ပခုက္ကူနှင့် ခင်ဦးတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ် ၃၀ ရက် မနက်ပိုင်းက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ MVRF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ MVRF ကနေ သိရပါတယ်။
မြိုင်-ဗဟင်းကားလမ်း ဆူးဝင်းလမ်းခွဲနားမှာ ဒီကနေ့မနက် ၇ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့တာလို့ MVRF ရဲ့ ခေါင်းဆောင် ဦးအောင်ဇေယျက ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ဘက်တိုက်ပွဲအတွင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျနော်တို့ဘက်က ရဲဘော်တယောက် ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာအခြေနေ မစိုးရိမ်ရဘူး။”
မြိုင်မြို့နယ် ဗဟင်းရဲစခန်းကိုလည်း မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာ စစ်ကောင်စီဘက်က ၉ ယောက်လောက် သေဆုံးကာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်လို့ ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာလည်း မတ် ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ မြစ်ခြေ-ကျွန်းချောင်း PDF တပ်ဖွဲ့ကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် ကျွန်းချောင်း-ဆိပ်ဖြူ ကားလမ်းအတိုင်း အရှေ့ကမ်းဖြူရွာဘက်ကို မောင်းလာတဲ့ စစ်ကောင်စီကား ၃ စီးကို ဒီကနေ့ ညနေ ၄ နာရီကျော်လောက်မှာ MC-KC PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

MC-KC PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ G3 က "စစ်ကောင်စီကား ၃ စီးထဲက တစီးကတော့ နည်းနည်း ထိခိုက်ပျက်စီးသွားတယ်ဗျ။ ကျနော်တို့ MC-KC PDF က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဘေးကင်းတဲ့နေရာကို ဆုတ်ခွာနိုင်ခဲ့ကြတယ်။"လို့ပြောပါတယ်။
ကျွန်းချောင်း-ဆိပ်ဖြူကားလမ်း ဒဲ့ပြားရွာအဝင်လမ်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကား ၇ စီးကို ဒီမနက် ၄ နာရီလောက်မှာ MC-KC PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့သလို မနက် ၅ နာရီခွဲမှာ အရှေ့ကမ်းဖြူရွာနားမှာ လှည်လည်သွားလာနေတဲ့ စစ်ကောင်စီကားတစီးကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာတော့ လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ရှားလွင်ရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မတ် ၂၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ပဒေသာမိုင်း ဆွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ခင်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ပဒေသာမိုင်းတွေ ဆွဲခဲ့တယ်၊ ထိထိရောက်ရောက် ထိသွားပါတယ်။ စစ်(----) တွေ အတော်အထိနာသွားတယ်။ကျနော်တို့ ကင်းထောက်တွေကတော့ သစ်ပင်ပေါ်ကနေ တက်ကြည့် သတင်းယူတာဆိုတော့ စစ် (---) အတိအကျ မျက်မြင်တွေ့ခဲ့ရတယ်။ ၁၀ ဦးလောက် ထမ်းပိုးသွားပြီး ထော့ကျိုးတွေများပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်အတွင်းကို စစ်ကြောင်းနှစ်ကြောင်းခွဲ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး မတ် ၂၉ ရက်မှာ ခင်ဦးမြို့နယ်အရှေ့ခြမ်း ရွာစဉ်ကျေးရွာမှာ နှစ်ဖွဲ့ ပူးပေါင်းသွားပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေဟာ ရွာစဉ်ရွာထဲက အပြစ်မဲ့ပြည်သူ ၂၀ ခန့် ဖမ်းဆီးထားကာ ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စခန်းချ နေထိုင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။