ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု တိုးနေပြီး အသွားအလာ ကန့်သတ်ထား

လူဦးရေ ၂၆ သန်းရှိတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့မှာ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံဦးရေ သုံးပုံတပုံထိ တိုးလာနေပြီး အသွားအလာကန့်သတ် လော့ဒေါင်းချထားတာ ၃ ရက်ရှိပြီ ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံလူနာတွေကို ကုန်စည်ပြခန်းကို ပုံပြောင်းထားတဲ့ ယာယီဆေးရုံမှာ ကုသပေးနေတယ်လို့ အစိုးရရုပ်သံ စီစီတီဗွီက မတ် ၃၀ ရက်မှာ အစီရင်ခံပါတယ်။
ကူးစက်ခံတွေ ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးဖို့ အရှေ့ဘက် ဘဏ္ဍာရေးနဲ့ စက်မှုခရိုင် ပူဒေါင်ကနေ သမိုင်းဝင် ဗဟိုဌာနထိ ဟွမ်ပူမြစ်တလျှောက် မြို့ကို အာဏာပိုင်တွေက ၂ ပိုင်းခွဲထားပါတယ်။
မတ် ၂၆ ရက်ကစပြီး အရှေ့ပိုင်းက ဒေသခံတွေဟာ လော့ဒေါင်းချခံထားရပြီး အနောက်ပိုင်းက လူတွေကတော့ ဧပြီ ၁ ရက်ကစလို့ လေးရက်ကြာ စတင် လော့ဒေါင်းချဖို့ တရားဝင် အချိန်ဇယား ဆွဲထားပါတယ်။
မတ် ၂၉ ရက် တရက်တည်းမှာ ရှန်ဟိုင်းမြို့မှာ ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံဦးရေ ၅,၆၅၆ ယောက်နဲ့ ရောဂါလက္ခဏာပြတဲ့ ကူးစက်ခံ ၃၂၆ ယောက်စံ ချိန်တင် တွေ့ခဲ့ပါတယ်။
အရင်နေ့ကတော့ ရောဂါလက္ခဏာမပြတဲ့ အသစ်ကူးစက်ခံ ၄,၃၈၁ ယောက်ရှိခဲ့ပြီး ရောဂါလက္ခဏာပြတဲ့ အသစ်ကူးစက်ခံ ၉၆ ယောက် ရှိခဲ့တယ်လို့ စီစီတီဗွီ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။